ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ်ထဲမှာ အောက်တိုဘာ ၁၆ ရက် မနက် အစောပိုင်းက မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပြီး ဟီးရိုးအင်းခေါ် ဘိန်းဖြူ ကီလို ၁၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းကွန်မန်ဒိုတပ်ဖွဲ့နဲ့ ထပ်ကျောက်တာ့ခ်စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေဟာ မယ်ဆိုင်မြို့နယ်၊ ကော်ချန့်အုပ်စု၊ ဆီပါဒဲန်းကျေးရွာအနီး လုံခြုံရေးယူနေစဉ် မနက် ၁ နာရီခွဲလောက်မှာ မြန်မာ နယ်စပ်ကနေ အထုပ်ကိုယ်စီ ထမ်းပြီးဝင်လာတဲ့ အမျိုးသား ၁၀ ဦးခန့်ကို လှမ်းမြင်ရတယ်လို့ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
စစ်ဆေးဖို့ ရပ်ခိုင်းရာက တဘက်က သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ တာဝန်ရှိသူတွေကလည်း ပြန်ပစ်ရာ ၅ မိနစ်ကျော် နှစ်ဘက်အပြန်အလှန် ပစ်ခတ်ကြပြီးနောက် အသံတွေ ငြိမ်သွားတဲ့ အတွက် အဲဒီနေရာတဝိုက်ကို ထိန်းချုပ်ကာ မနက်မိုးလင်းမှာ သွားရောက် စစ်ဆေးခဲ့ကြပါတယ်။
စစ်ဆေးရာမှာ အဲဒီနေရာတဝိုက် ပြန့်ကြဲနေတဲ့ ကျောပိုးအိတ် ၆ လုံးကို တွေ့ရပြီး အထဲမှာ ဘိန်းဖြူတောင့် စုစုပေါင်း ၃၄၀ တောင့်၊ အလေးချိန် ၁၁၉ ကီလိုဂရမ် ရှိပြီး ကော်ချန့်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် မူးယစ်ဆေး သယ်ဆောင်သူတွေဟာ အထုပ်တွေထားပြီး မြန်မာဘက်ခြမ်းကို ပြန်လည်ဝင်ရောက်သွားပြီလို့ ခန့်မှန်းရကြောင်း တာဝန်ရှိသူက ပြောပါတယ်။
ကိုးကား - ချန်နယ် ၅ ထိုင်းတီဗွီ / မယ်ဆိုင်ပရက်စ် / ကျိုးချို