မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်မှာ အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ကြပ်တယောက် သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတွေထံက သိရပါတယ်။
သီရိမြိုင်ရပ်ကွက်၊ ၁၆ လမ်း၊ ပန်းခြံဘုန်းကြီးကျောင်းရှေ့မှာ အောက်တိုဘာ ၇ ရက် နေ့လယ် ၁၂ နာရီက မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်ကြပ် ထက်ဝေအောင် သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တာလို့ လမ်းအတွင်း နေထိုင်သူတယောက်က ပြောပါတယ်။
“ကျော်ကြီးက သူ့ကိုစောင်ကြည့်နေတယ်ထင်ပြီး ပစ်လိုက်တဲ့သဘော ဖြစ်နိုင်တယ်။ ကျန်တာကတော့ သူတို့ ဘယ်လိုတွေ ဇာတ်လမ်းရှိလဲဆိုတာ မသိဘူး။”
သီရိမြိုင်ရပ်ကွက်၊ ၁၆ လမ်းမှာ နေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် ကရင် ထာဝရ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ရေး (စီးပွားရေးတာဝန်ခံ) နိုင်မင်းမင်းဇော်နဲ့ မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲတပ်ကြပ် ထက်ဝေအောင်တို့ ၂ ယောက် စကားများနေစဉ် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ (အိုက်ချယ်) မှ ကျော်ကြီးက ဘုန်းကြီးကျောင်းက ထွက်လာပြီး ရဲတပ်ကြပ်ထက်ဝေအောင်ရဲ့ ဝဲဘက်ရင်အုံကို ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် (မစိုးရိမ်ရ) ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲတပ်ကြပ် ထက်ဝေအောင်နဲ့ နိုင်မင်းမင်းဇော်တို့မှာ အခင်းဖြစ်ပွားပြီးနောက် Honda Fit အမျိုးအစား နံ့သာရောင်မော်တော်ယာဥ်နဲ့ သီရိမြိုင်ရပ်ကွက်၊ ၁၈ လမ်းဘက်မှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာအနီး ပစ္စတိုကျည်ခွံ ၄ ခု၊ ပစ္စတိုကျည် အကောင်းတခု၊ M 16 ကျည်ခွံတခုတို့ကို တွေ့ရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။