Home
မြန်မာသတင်း
သာယာဝတီတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ရဲအုပ် ၁ ဦးသေဆုံး
DVB
·
October 4, 2024

ပဲခူးတိုင်း၊ သာယာဝတီမြို့မှာ စက်တင်ဘာ ၃၀ ရက်က ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကားများရာက ပစ်ခတ်မှုဖြစ်လို့ ရဲအုပ်တယောက် သေဆုံးပြီး ကျန်ရဲတယောက်ကတော့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ သာယာဝတီမြို့မရဲစခန်းအတွင်း နေထိုင်သူတယောက်က “ဟုတ်တယ်ဗျ။ ဆရာစံမြို့သစ် လဝကရုံးနားက စိန်သရဖူ အနှိပ်ခန်းထဲမှာ သူတို့ ၂ ယောက် စကားများကြရင်းက ထပစ်ကြတာ။ မူးနေတာလည်းပါတာပေါ့။ ရဲအုပ်အဆင့်နဲ့ တပ်သားအဆင့်ပါ။ ဒီသတင်းကို အပြင်မပေါက်ကြားဖို့တော့ လူကြီးတွေက သေချာမှာထားတယ်” လို့ DVB ကို ပြောပါတယ်။

အနှိပ်ခန်းအတွင်း စကားများကြရင်း ပစ်ခတ်ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သာယာဝတီမြို့နယ်ထဲက စံရွေးနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်အဆင့်ရှိသူနဲ့ သာယာဝတီမြို့မရဲစခန်းက ရဲတပ်သားတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

သာယာဝတီဆေးရုံနဲ့ နီးစပ်သူတယောက်က “ရဲအုပ်ကတော့ နေရာမှာတင်ဆုံးသွားတယ်။ နောက်ရက်မှာ သင်္ဂြိုဟ်တယ်။ ဟိုကျန်တဲ့ ရဲတယောက်ကတော့ ဒီဆေးရုံကမနိုင်လို့ ရန်ကုန်ကိုလွှဲလိုက်တယ်” လို့ ပြောပါတယ်။

အဆိုဖြစ်စဥ်နဲ့ပတ်သက်ပြီး DVB အနေနဲ့ အသေးစိတ်သိရှိနိုင်ဖို့ သာယာဝတီမြို့မရဲစခန်းကို ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013