တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ ချောင်းကြီးဝကြီးကျေးရွာမှာ စက်လှေ ၂ စီးပေါ်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင် တယောက် ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၃၀ ရက် နေ့လယ် ၂ နာရီအချိန်လောက်က ချောင်းကြီးဝကြီးကျေးရွာနားက တောင်ညှပ်ကျွန်းရှိ မြစ်ချောင်းထဲမှာ ပစ်ခတ်မှုဖြစ်ကြတာဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင် အပါအဝင် ၄ ယောက် လိုက်ပါလာတဲ့ စက်လှေတစီးနဲ့ တခြားစက်လှေပေါ်က အရပ်ဝတ် ဝတ်ထားတဲ့ အမည်မသိလက်နက်ကိုင်လူတစုတို့ နှစ်ဖက်စလုံးက သေနတ်တွေနဲ့ ပစ်ခတ်ကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပစ်ခတ်မှုအတွင်းမှာ အသက် ၄၀ ကျော်အရွယ် ပြည်သူ့စစ် ကိုမျိုးမင်းထိုက် ဦးနှောက်၊ ခြေထောက်၊ လက်မောင်းတို့မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး နောက်ထပ် ၂ ယောက်က ထိခိုက်ဒဏ်ရာတွေရကာ တယောက်ကတော့ ပစ်ခတ်ချိန်အတွင်း ရေထဲခုန်ဆင်းခဲ့လို့ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံက ပြောပါတယ်။
ဒေသခံတယောက်က “သူတို့က အခွန်သွားကောက်ချိန် ပစ်ခတ်မှုဖြစ်တယ်လို့လည်း ပြောနေကြတယ်။ စစ်တပ်က သတင်းရပြီး ရွာကို ဆင်းလာမှာလည်း စိုးရိမ်ရတယ်။ ကျောင်းသားတွေတောင် အဲဒီနေ့က အကုန်ပြန်လွှတ်လိုက်ရတယ်။ ပစ်ခတ်သံက ဥယျာဉ်ခြံထဲအထိ ကြားနေရတယ်"လို့ ပြောပါတယ်။
ပစ်ခတ်မှုမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့ ပြည်သူ့စစ် ကိုမျိုးမင်းထိုက်ကို မြိတ်ဘက်သို့ လှေနဲ့ပို့ဆောင်ခဲ့ပေမဲ့ သေနတ်ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုမျိုးမင်းထိုက်ဟာ ချောင်းကြီးဝကြီးကျေးရွာမှာ နေထိုင်တဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး တောင်ညှပ်ကျွန်းမှာ မီးသွေးဖောင်လုပ်ငန်း လုပ်ကိုင်တဲ့သူတွေဆီက လစဉ်အခွန်ကြေးတွေ ကောက်ခံလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါပစ်ခတ်မှုဖြစ်စဥ်မှာ ပါဝင်တဲ့ တခြားစက်လှေပေါ်က အရပ်ဝတ်နဲ့ လူတစုမှာ ဘယ်သူဘယ်ဝါတွေဆိုတာ မသိရသေးပါဘူး။ ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို မေးမြန်းခဲ့ရာမှာ သူတို့အဖွဲ့က လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။
အခုနှစ် ဩဂုတ် ၂ဝ ရက်ကလည်း တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်းဆေးရွာမှာ ပြည်သူ့စစ် တပ်သားသစ် စုဆောင်းတဲ့ ရွာခံအမျိုးသား ၂ ယောက်ကို ကျွန်းစုပကဖအဖွဲ့က နေအိမ်မှာ ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်လို့ ၂ ယောက်စလုံး သေဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ်ပကဖအဖွဲ့က ထုတ်ပြန်ပါတယ်။