Home
မြန်မာသတင်း
လှိုင်သာယာအနောက်ပိုင်းတွင် မြို့နယ်စီမံအဖွဲ့ဝင်နှင့်တပည့်ဖြစ်သူ ပစ်ခတ်ခံရ
DVB
·
October 13, 2024

ရန်ကုန်ကို လုံခြုံရေးတင်းကျပ်ထားဖို့ စစ်ခေါင်းဆောင်ပြောပြီး ၄ ရက်မြောက်နေ့ အောက်တိုဘာ ၁၃ ရက် မနက် ၉ နာရီမှာ လှိုင်သာယာအနောက်ပိုင်း မြို့နယ်စီမံအဖွဲ့ဝင်နဲ့တပည့်ဖြစ်သူ ပစ်ခတ်ခံရပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၁ ရပ်ကွက်မှာ ဒီနေ့ မနက် ၉ နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေမန်း(ခ)ဦးကျော်သူဝင်းနဲ့ တပည့်ဖြစ်သူအား အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်သွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဦးရွှေမန်း သေ မသေတော့ မသိဘူး၊ သူ့ဘေးမှာပါတဲ့သူက သေမှာ။ ဖြစ်တဲ့နေရာမှာတင် ခေါ်လို့မရတော့ လူနာတင်ကားနဲ့ စစ်ဆေးရုံကို ခေါ်သွားတာ။ လမ်းတွေပိတ်ပြီး စစ်နေတယ်၊ ရပ်ကွက်ရုံးမှာလည်း စစ်သားတွေ စောင့်နေတယ်။” 

စစ်ကောင်စီလက်ထက်မှာ မြို့နယ်စီမံအဖွဲ့ဝင်ဖြစ်လာတဲ့ ဦးရွှေမန်း(ခ)ဦးကျော်သူဝင်းဟာ စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ပြီး စစ်ကောင်စီ အလိုကျ စစ်မှုထမ်းခိုင်းဖို့အတွက် လှိုင်သာယာအနောက်ပိုင်းမြို့နယ်အတွင်းရှိ လူငယ် ၈၀၀ ကျော်စာရင်းကို စစ်ကောင်စီထံ ပေးခဲ့တဲ့အတွက် ရှင်းလင်းခဲ့တာလို့ Golden Valley Warriors တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရုံးမှာ အုပ်ချုပ်ရေးမှူးတွေ စုစည်းနေပြီး စစ်ကောင်စီတပ်၊ ရဲ စတဲ့အဖွဲ့တွေက မြို့နယ်ထဲ လှည့်လည်စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

“ကံကောင်းတာ ဗိုလ်မှူးဖြိုးမင်းထွန်း မပါတာ၊ ပါရင် သူလည်း သေမှာ။ ငွေရဖို့ဆို ဘယ်သူမှ မခေါ်ဘဲ သွားလို့သေတာ။ ရုံးမှာလည်း ဝန်ထမ်းတွေရဲ့ဖုန်းတွေပါ စစ်နေတယ်၊ သေတာတောင် ကျန်တဲ့သူတွေ ဒုက္ခပေးသွားသေးတယ်၊ တမြို့လုံးစစ်နေတာ။” 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်က လှိုင်သာယာအနောက်ပိုင်း မြို့နယ်စီမံအဖွဲ့ဝင် ၂ ဦးစိုင်းလင်းဇော် သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် သူရဲ့နေရာမှာ ဦးရွှေမန်း(ခ)ဦးကျော်သူဝင်း က ရရှိခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၉ ရက် ရန်ကုန်တိုင်းအစိုးရဖွဲ့ရုံးမှာ  လုံခြုံရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်ဖို့ ပြောဆိုခဲ့ရာ ဗိုလ်ချုပ်ဇော်ဟိန်းက PDF တွေ ဖမ်းမိထားကြောင်း တင်ပြခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013