ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြစ်ရေတိုက်စား ကမ်းပြိုကျမှု ဖြစ်ပွားတာကြောင့် နေအိမ်အလုံး ၅၀ ထက်မနည်း ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေနဲ့ သဘာဝဘေးကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ တိုးမြစ်၊ ငဝန်၊ ဧရာဝတီနဲ့ ဖားတရှဉ်းချောင်း မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုဖြစ်ပွားလို့ နေအိမ် အလုံး ၅၀ ထက်မနည်း ကြိုတင် ဖျက်သိမ်းပြောင်းခဲ့ရတာလို့ သိရပါတယ်။
ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “အိမ်ဖျက် ပြောင်းရွှေ့ရတာက အန္တရာယ်ရှိတဲ့ အခြေအနေကြောင့်ပါ။ တလအတွင်း အိမ်အလုံး ၅၀ လောက်အထိ ပြောင်းရွှေ့ခဲ့ရတာ။ ကြိုတင်ပြောင်းရွှေ့ခဲ့လို့ အိမ်တွေလောက်ပဲ ဆုံးရှုံးတာ။ အခြားလူတွေ ဘာတွေ ထိခိုက်တာ မရှိဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ ပြီးခဲ့တဲ့ တလတွင်း ဟင်္သာတ၊ ပန်းတနော်၊ မြန်အောင်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကြံခင်း စတဲ့ မြို့နယ်တွေက လူနေအိမ် ၅၀ ထက်မနည်းကို ကမ်းပြိုဘေးလွတ်တဲ့ နေရာတွေကို ပြောင်းရွှေ့ပေး ခဲ့ရတာလို့ ဆိုပါတယ်။
ပန်းတနော် ဒေသခံတယောက်က “ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စုထဲက ကန္နားစု ကျေးရွာမှာဆို လက်ရှိ ဧရာဝတီမြစ်ရေတိုက်စားလို့ မြေပြိုမှုတွေ ဖြစ်ပွားနေတယ်။ အိမ်တွေလည်း ပြောင်းရတာ မနည်းတော့ဘူး။ သက်ဆိုင်ရာက ဘာမှလုပ်မပေးဘူး၊ ကိုယ်ထူကိုယ်ထ ရက်လုပ်ထားတဲ့ ဝါးကတ်တွေနဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ထားတယ်။ ဘယ်ခိုင်ခံ့မလဲ၊ ကမ်းပြိုကာကွယ်ရေး လုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။
မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်ပွားလာလို့ ဒေသခံတွေဟာ မိသားစုတွေရဲ့ နေအိမ်တွေနဲ့ ကိုယ်ပိုင်လယ်မြေကွက်လပ်တွေဆီကို အိမ်တွေဖျက်ကာ မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက် သေဆုံးတာမှုမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ကမ်းပါးပြိုကျမှုတွေကို သက်ဆိုင်ရာအဖွဲ့အစည်း ဌာနေတွေ ရေရှည်အတွက် ခိုင်ခံ့တဲ့ ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းတွေ အချိန်မီမလုပ်ပါက ကမ်းပြိုကျမှုတွေက ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။