Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ တန်ဆောင်တိုင်ပွဲကို စံပြအဖြစ် အထူးစည်ကားအောင်လုပ်ရန် ညွှန်ကြား
DVB
·
November 13, 2024
Photo - MOI

ဧရာဝတီတိုင်းအနေနဲ့ တန်ဆောင်တိုင်ပွဲ၊ ဘုံကထိန်ပွဲတွေကို တခြားတိုင်းတွေနဲ့ယှဉ်ရင် အထူးစည်ကားအောင် စံပြဖြစ်အောင် လုပ်ဆောင်ဖို့ စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်က မှာကြားထားတယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တန်ဆောင်တိုင်ကာလ ရပ်ကွက်အလိုက် မီးထွန်းဖို့၊ ဌာနဆိုင်ရာ ဦးစီးဌာနအလိုက် ပဒေသာပင်တွေ လုပ်ဆောင်ဖို့၊ ဌာနဆိုင်ရာ ဦးစီးဌာနအလိုက် ဝန်ထမ်းတွေအနေနဲ့ တန်ဆောင်တိုင်ပွဲတွေမှာ အနည်းဆုံး အင်အား ၅၀ ခန့်နဲ့ ပူးပေါင်းပါဝင်ဖို့ မြို့ပေါ်က စေတီတွေမှာ လျှပ်စစ်အလှမီးဆင်ထားဖို့နဲ့ စေတီတိုင်းမှာ ဆီမီး အတိုင် ၅၀၀ ထွန်းညှိပူဇော်ဖို့နဲ့ လုံခြုံရေးကိုလည်း အထူးသတိထား လုပ်ဆောင်ဖို့ကိုပါ မှာကြားထားတယ်လို့ ဆိုပါတယ်။ 

ဧရာဝတီတိုင်း အစိုးရအဖွဲ့နဲ့ နီးစပ်သူက  “စံပြအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲကို စည်ကားမှုရှိကြောင်း ပြသဖို့နဲ့ လုံခြုံရေးကို အထူးသတိထားလုပ်ဖို့ ဝန်ကြီးချုပ်က မကြာခဏ ညွှန်ကြားတယ်လေ။ အောက်တိုဘာ ၃၁ ရက်က လုပ်တဲ့ တန်ဆောင်တိုင် အထူးအစည်းအဝေးမှာလည်း ပြောတယ်။ ပုသိမ် ကမ်းနားလမ်းမှာ ဆီမီးမျှောပွဲလုပ်ဖို့ အဓိကပြင်ဆင်နေတယ်” လို့ပြောပါတယ်။ 

တိုင်းဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ နိုဝင်ဘာ ၅ ရက်က စတင်ကာ တန်ဆောင်တိုင် စည်ကားအောင် လုပ်ဖို့ဆိုပြီး စည်ပင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လမ်းဘေးဈေးဆိုင်တွေ၊ အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ KTV ဆိုင်တွေမှာ ငွေကောက်ခံတာတွေပါ လုပ်နေတယ်လို့ သိရပါတယ်။ 

ဧရာဝတီတိုင်း မအူပင် မြို့ခံတယောက်က “တန်ဆောင်တိုင်တို့ ဘုံကထိန်တို့က ဘာသာရေးပွဲတွေပါ။ ဒါပေမဲ့ စကစနဲ့ သူ့ဝန်ကြီးတွေကတော့ သူတို့အာဏာတည်မြဲဖို့ သူ့တိုင်းနဲ့ ငါ့တိုင်း ပိုစည်ကားအောင်လုပ်မယ်ဆိုပြီး ပြိုင်ခုတုံး လုပ်နေတာ။ တကယ် မလုပ်သင့် မလုပ်ထိုက်ပါဘူး။ ဒီဝန်ကြီးချုပ်က စစ်မှုထမ်းကိစ္စမှာလည်း စကစက ချီးကျူးထားတာကိုး”လို့ ပြောပါတယ်။

တိုင်းမြို့တော် ပုသိမ်မြို့တခုတည်း စည်ကားဖို့အတွက် မဟုတ်ဘဲ မြို့နယ်အလိုက် ရပ်ကွက်နဲ့ ကျေးရွာအလိုက် တန်ဆောင်တိုင်နဲ့ ဘုံကထိန်ကို ဇာတ်ပွဲ၊ ဆိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲတွေတခုခု ထည့်ပြီး စည်ကားအောင်လုပ် ကျင်းပကာ ဓာတ်ပုံရိုက် မှတ်တမ်းယူပြီး လပတ်အစည်းအဝေးမှာ တင်ပြဖို့ တိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် တန်ဆောင်တိုင်ကာလ လုံခြုံရေးကိုလည်း တိုင်း၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးအထိ ကော်မတီဖွဲ့စည်းကာ အထူးသတိထားပြီး ကျင်းပလုပ်ဆောင်ကြဖို့မှာကြားထားတယ်လို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024