ရှမ်းပြည်နယ်တောင်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ် ခမရ ၂၁၃ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာမှာ တပ်ရင်းမှူး အပါအဝင် အရာရှိတပ်သားတွေ သေဆုံး၊ ၄ ယောက် အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်က နောင်ချိုအခြေစိုက် တောင်ခမ်းအမြောက်တပ်စခန်း (၃၅၄) နဲ့ (၉၀၂) တပ်စခန်းအနားမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ TNLAက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ (၁၁)၊ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနဲ့ တပ်သားတွေ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းကို ထိန်းချုပ်နိုင်နိုင်ဖို့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူကတဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းကတဆင့်လည်း စစ်လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတယ်လို့ TNLA က အသိပေးထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ရဲ့ ၄ လကျော်အထိ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။