Home
မြန်မာသတင်း
ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် စစ်တပ်က  မြေပြင်၊ ဝေဟင် တိုက်ခိုက်နေ
DVB
·
November 14, 2024

ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က  မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ Y21 နဲ့ ဗုံးကြဲချတာတွေ နေ့တိုင်းလိုလို လုပ်ဆောင်နေတယ်လို့  မြေပြင်ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။ 

အာရှလမ်းနဲ့ မြဝတီမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန်ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းဟာ စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အောင်ဇေယျစစ်ကြောင်းဟာ မြေပြင်နဲ့ဝေဟင်ပစ်ကူရယူပြီး ထိုး ဖောက်ဝင်ရောက်ဖို့ ကြိုးစားနေပေမဲ့ KNLA ပူးပေါင်းစစ်ကြောင်းတွေကို မထိုးဖောက်နိုင်ပဲ အထိနာတာ ကြောင့် မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ Y21 နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“လောလောဆယ်တော့ ညထုလိုက်။ မနက်အစောကြီး ထုလိုက်။ သူတို့လည်း ရှေ့မတိုးလာဘူး။ လှမ်းလှမ်းပစ်တာပဲရှိတယ်။ ည ည မစ်ဇိုင်းနဲ့ပစ်တာတို့။ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်က Y21 လေယာဉ်နဲ့ အရှေ့မှာ ပတ်တယ်။ ဗုံးချတယ်။”

အောက်တိုဘာ ၃၀ ရက်က အောင်ဇေယျစစ်ကြောင်းနဲ့  KNLA ပူးပေါင်းစစ်ကြောင်းတို့ အနီးကပ်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ‌မြေပြင်ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဧပြီ ၂၇ ရက်ကစတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပေမဲ့ စစ်ကောင်စီက မြေပြင်နဲ့ဝေဟင်ကနေ ပစ်ခတ်နေလို့ မြို့တွင်းနဲ့ အနီးအနားကျေးရွာက ပြည်သူတွေ ပြန်လည်ထွက်ခွာပြီး စစ်ရှောင်ရတော့မယ့်အခြေအနေဖြစ်နေပါတယ်။

ကော့ကရိတ်ဒေသခံက “စိုးရိမ်စရာက အခုလာမယ့် ကထိန်ရာသီအပြီး တန်ဆောင်တိုင်ပွဲတော်ပြီးရင် တချို့ပြည်သားတွေ ရွာကနေ မြို့ကနေထွက်ခွာမယ်လူတွေရှိတယ်။ အကြောက်ဆုံးက တိုက်ပွဲတွေကို မဟုတ်ဘူး။ လက်နက်ကြီးတွေက ရမ်းသန်းပစ်ခတ်တော့ ကြောက်ရတယ်။ ပြည်သူတွေအကြောက်ဆုံးက ဒီလက်နက်ကြီးပဲ။  တိုက်ပွဲဖြစ်တာက ပြေးလို့ ပုန်းလို့ရတယ်။ လက်နက်ကြီးဆိုတာက ဘယ်အချိန်ရောက်လို့ရောက်လာမှန်း မသိရဘူးလေ။ တိုက်ပွဲမဖြစ်လဲ ဒီလက်နက်ကြီးက လာကျနေတာ”လို့ ပြောပါတယ်။

ကော့ကရိတ်မြို့တွင်းက ပြည်သူတွေဟာ ငွေကြေးအဆင်မပြေတာ၊ အသိမိတ်ဆွေမရှိတာတွေကြောင့် မြို့တွင်းမှာ မနေချင်ပဲ ဆက်နေထိုင်နေရသူတွေရှိနေတယ်လို့ ပြောကြပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ပြန်လည်ထွက်ပြေးတိမ်းရှောင်ရာမှာ မြို့ပေါ်ထက် ကုန်ကျစရိတ်သက်သာပြီး အန္တရာယ်အကင်းနိုင်ဆုံးဖြစ်တဲ့ ကျေးလက်တောရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့လိုလားကြတယ်လို့ စစ်ရှောင် အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီက လေကြောင်းကနေ Y21 နဲ့ အနီးအနားကျေးရွာတွေကိုပါ ဗုံးကြဲ တိုက်ခိုက်နေလို့  ဒေသခံတွေဟာ လုပ်ငန်းခွင်မဝင်ရောက်ရဲတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “လေကြောင်းအားကိုးနေတော့ ပြည်သူတွေက ဘာလုပ်လို့ရမှာလဲ။ အပေါ်ကပစ်ချတယ်ဆိုရင် ရှောင်မရတိမ်းမရဆိုတော့ ရက်စက်တယ်။ ယုတ်မာတယ်။ ဒါက ကြီးနိုင်ငယ်ညှင်းပေါ့။ ဘာမှပြန်လုပ်လို့မရတဲ့ ပြည်သူကို ဒါမျိုးလုပ်တယ်ဆိုတော့  အရမ်းရက်စက်တာပေါ့။ နိုင်ငံတကာမှာတောင် ပြည်တွင်းစစ်က ဒီလိုမျိုးတွေ မရှိပါဘူး”လို့ ပြောပါတယ်။

နိုဝင်ဘာ  ၅ ရက် ညနေပိုင်းလောက်က စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြဲချတိုက်ခိုက်မှု ကြောင့်  ကော့ကရိတ်မြို့၊ ရေကျော်ကျေးရွာအတွင်းကျရောက်ပြီး အသက် ၁၂ နှစ်အရွယ် ကျောင်းသား ကလေးငယ် ၁ ယောက် ဦးခေါင်းလက်နက်ကြီး ထိမှန်ပြီး နေရာမှာ သေဆုံးခဲ့တဲ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက်လည်း  ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013