Home
မြန်မာသတင်း
ရခိုင်တွင် စစ်တပ် တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း အဆောက်အအုံ ၁၅၀ ကျော် ပျက်စီး
DVB
·
November 14, 2024

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အထိ တနှစ်တာကာလအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အဆောက်အအုံ ၁၅၃ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

တနှစ်တာအတွင်း ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အအုံတွေမှာ ဆေးရုံ ၁၂ ဆောင်၊ စာသင်ကျောင်း ၃၀၊ ဘုန်းကြီးကျောင်း ၇၀၊ ခရစ်ယာန်ဘုရားကျောင်းတကျောင်း၊ ဗလီ ၂ ခု၊ ဈေး ၂၁ ခုနဲ့ ဌာနဆိုင်ရာအဆောက်အအုံ ၁၇ ခု ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးတနှစ်တာကာလအတွင်း ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ မိုင်းခွဲဖျက်ဆီးတာတွေကြောင့် တံတားအစင်းရေ ၂၈ စင်းအထိ ပျက်စီးခဲ့ရပါတယ်။

ပျက်စီးသွားတဲ့ တံတားတွေမှာ စစ်တွေမြို့နယ်က မင်းချောင်းတံတား၊ ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းက စေတီပြင်တံတား၊ ကျောက်တော်မြို့နယ်က ကစ္ဆပနဒီတံတား၊ ဘူးသီးတောင်မြို့နယ်က ဂုံးနားရွာတံတား၊ ပန်ဇင်းချောင်းတံတားနဲ့ မောင်တောမြို့နယ်က လဘော်ဇားတံတား၊ ရွှေဇားတံတား၊ ကံကျ(မြောက်)ရွာတံတား၊ ၃/မိုင် သံတံတား၊ မြို့ဦးရပ်ကွက်တံတား၊ ရွာသစ်ကေတံတား၊ ပန်းတောပြင်တံတား၊ မော်တူလာတံတား၊ အလယ်သံကျော်တံတား၊ မောရဝတီတံတားတို့ ဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့နယ်က ကိုင်းရှည်ရပ်ကွက်တံတား၊ မှိုဟင်းတောရွာတံတား၊ သလိန်ပြင်တံတား၊ မအီချောင်းတံတား၊ ရွှေကွမ်းစမ်းတံတား၊ သံတွဲမြို့နယ်က ဘောက်တောင်ရွာတံတား၊ ရွှေလိမ်တံတား၊ သရက်ပင်ကွင်းတံတား၊ ဆင်ဒင်လေးတံတာ၊ အုန်းပင်ဝတံတာ၊ ချင်းကွင်းတံတား၊ မအီမြို့နယ်က ကျောက်ကြီးပေါက်ချောင်းတံတားနဲ့ ဂွမြို့နယ်က ကုလားပြင်တံတားတို့လည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ရေးနဲ့နီးစပ်သူတယောက်က “တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ (စစ်ရေးပစ်မှတ်မဟုတ်တဲ့) နေရာ မြို့ပေါ်၊ ကျေးရွာတွေမှာ လိုက်လံဗုံးကြဲနေတာက ဒေသခံပြည်သူလူထုတွေကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်။ စစ်ရှုံးပြီး ကြံရာမရ၊ ဥပမာ မစားရတဲ့အမဲ သဲနဲ့ပတ်တာပေါ့ဗျာ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013