၂၀၂၃ ခု နိုဝင်ဘာ ၁၃ ရက် မနက်မှာ စတင်ခဲ့တဲ့ အာရက္ခတပ်တော် (AA) ရဲ့ တကျော့ပြန်စစ်ပွဲဟာ တနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ တနှစ်တွင်းအမှာပဲ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၀ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝတို့ကို AA က အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တာပါ။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၁၇ မြို့နယ်ထဲက ၁၀ မြို့နယ်ကို သိမ်းထားတာဖြစ်တဲ့အတွက် အများစုကို သိမ်းထားနိုင်တဲ့သဘောပါ။
ကျန်မြို့နယ်တွေထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်မှာလည်း တိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတခုပဲ သိမ်းဖို့ကျန်တော့တာဖြစ်ပြီး ကျန်တဲ့ တပ်စခန်းအများစုကို AA က ထိန်းချုပ်ထားပါတယ်။
နယ်စပ်ထွက်ပေါက်ဖြစ်တဲ့ မောင်တောမှာဆိုရင်လည်း နခခ ၅ စခန်းတခုပဲ ကျန်တော့တာဖြစ်ပြီး တောင်ဘက်ထွက်ပေါက် ဂွမှာလည်း နေရာအများစုကို ထိန်းချုပ်ထားနိုင်ပါတယ်။ တောင်ကုတ်မှာဆိုရင်လည်း တိုက်ပွဲတွေက မြို့ထဲအထိ ရောက်လာနေပါပြီ။ ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမှာဆိုရင်တော့ မြို့ပေါ်ကလွဲလို့ ဘေးပတ်ပတ်လည် နေရာအားလုံးကို AA က ဝိုင်းပတ်ထိန်းချုပ်ထားသလို ကျောက်ဖြူမှာဆိုရင်လည်း အလားတူဖြစ်ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ စစ်ကောင်စီ အုပ်ချုပ်မှုနေရာတွေဟာ အနည်းငယ်ပဲ ကျန်တော့တဲ့အခြေ ဖြစ်ပြီး ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို AA က ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေပါ။
အာရက္ခတပ်တော်ရဲ့ အောင်မြင်မှုဟာ ကြီးမားသလို တိုက်ခိုက်ရေးစွမ်းရည်ကလည်း ချီးကျူးစရာဖြစ်တယ်လို့ ဝါရင့် ရခိုင်နိုင်ငံရေးသမားကြီး ဦးဖေသန်းက ပြောပါတယ်။
“စစ်ရေးအောင်မြင်မှုကို ကြည့်ရင် တော်တော့်ကို အရှိန်ဟုန်ပြင်းပြင်းနဲ့ကို မြန်မြန်ဆန်ဆန် မြို့နယ်ပေါင်း ၁၀ မြို့နယ်၊ ပလက်ဝ အပါအဝင်ဆိုရင် ၁၁ မြို့နယ်ပေါ့။ နောက်ပြီးဗျူဟာကုန်းတွေ၊ တခြား တပ်စခန်းတွေကလည်း ရာနဲ့ချီပြီးတော့ သိမ်းနိုင်ခဲ့တယ်။ ဆိုလိုတာကတော့ တနှစ်အတွင်းမှာ ဒီလို အောင်မြင်တယ်၊ ဒီလောက်အထိ သိမ်းနိုင်တယ်ဆိုတာက တော်တော်တန်တန် ဇွဲသတ္တိ၊ တိုက်စစ်အားနဲ့တော့ မရနိုင်ဘူး။ တော်တော့်ကို အောင်မြင်တယ်လို့ ပြောလို့ရတယ်။”
ရခိုင် စစ်ရေးအောင်မြင်မှုဟာ တိုက်ခိုက်ရေးစွမ်းရည် တခုတည်းကြောင့်တော့မဟုတ်ပါဘူး။ လူထုရဲ့ ထောက်ခံမှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ရခိုင်လူထုရဲ့ ULA/AA အပေါ်ထားရှိတဲ့ မျှော်လင့်ချက်နဲ့ ထောက်ခံမှုဟာ တခြားသော မျိုးနွယ်စုတိုင်းရင်းသားတွေထက် ပိုသာတာကို အပေါ်ယံတွက်ဆကြည့်ရုံနဲ့တင် တွေ့နိုင်ပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “အဓိကက ဒီလိုအောင်မြင်မှုဆိုတာ ပြည်သူမပါဘဲနဲ့ မရနိုင်ဘူး။ ရခိုင်မှာကတော့ ပြည်သူတရပ်လုံးကနေပြီးတော့ တပ်တော်မှ တပ်တော်ပဲ။ တပ်တော်မှလွဲလို့ တခြားမရှိဆိုတဲ့ အနေအထားကို ရောက်သွားတယ်။ ပြည်သူက ပိုပြီးတော့တောင် ရှေ့ကို ရောက်နေတယ်ဆိုတာကို နေရာတိုင်းမှာတွေ့ရတယ်လေ။”
စစ်ရေးအောင်မြင်မှုနဲ့အတူ တဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဦးရေဟာ သိန်းနဲ့ချီပြီးရှိသလို ထိခိုက်သေဆုံးမှုတွေလည်း အများအပြား ရှိနေပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေသလို အခြေခံစားသောက်ကုန် မရတာ၊ ကျန်းမာရေး စောင့်ရှောက်မှုမရတာတွေလည်း နေရာအနှံ့ ဖြစ်နေတာပါ။ အရေးကြီးတာက ဒီဒုက္ခတွေကြောင့် ULA/AA အပေါ် လူထုရဲ့ မျှော်လင့်ချက်ကတော့ ပြောင်းမသွားကြတာပါ။
အမ်းဒေသခံတယောက်က “ပြည်သူတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ပြန်ရဖို့ ULA/AA ကနေ မူဝါဒတွေ ကောင်းမွန်တဲ့ မူဝါဒတွေကတော့ ပိုပြီးတော့ လုပ်ရဦးမယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ မျှော်မှန်းတယ်။ ဗမာအစိုးရအဆက်ဆက် လက်ဝါးကြီးအုပ်ပြီးတော့ တိုင်းရင်းသားပြည်သူတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အကုန်လုံး ချိုးနှိမ်ခဲ့တယ်။ ဒီအခွင့်အရေးတွေအကုန်လုံးကို ULA/AA အစိုးရကနေပြီးတော့ ရခိုင်ပြည်မှာရှိတဲ့ ရခိုင်လူမျိုး အပါအဝင် ရခိုင်မျိုးနွယ်စုအကုန်လုံးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်မှန်းတယ်”လို့ ပြောပါတယ်။
ULA/AA ဘက်ကတော့ ရခိုင်ပြည်နယ်ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ကြွေးကြော်ထားသလို ၂၀၂၅ ခုနှစ်အတွင်း ရခိုင်လူထုကို လက်ဆောင်တခုကို ဖန်တီးပေးမယ်လို့ ဆိုထားပါတယ်။ ဒါကတော့ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး နောက်ထပ်ပြောရမှာက နိုင်ငံရေးရည်မှန်းချက်ပါ။
နိုင်ငံရေးရည်မှန်းချက်နဲ့ပတ်သက်လို့ AA စစ်ဦးစီးချုပ်ကတော့ ‘ဝ’ ထက်မနိမ့်တဲ့ ‘ကွန်ဖက်ဒရိတ်’ လို့ ပြောဆိုထားတာရှိပါတယ်။ ဒါကရော ဘယ်လောက်နီးပြီလဲ။ နိုင်ငံရေးရည်မှန်းချက်ကတော့ စစ်ရေးအရ အပြည့်အဝအပြီးသတ်ပြီးမှ လာမှာဖြစ်ပေမဲ့ ဒီအပေါ်မှာ လူထုတရပ်လုံးက မျှော်လင့်ချက် ကြီးကြီးမားမားရှိနေတယ်လို့ ဦးဖေသန်းက ပြောပါတယ်။
“အာရက္ခတပ်တော်ရဲ့ ဒီလို ကွန်ဖက်ဒရေးရှင်း ဆိုတဲ့ နိုင်ငံရေးမျှော်လင့်ချက်ပေါ်မှာ တော်တော့်ကို ပြည်သူတွေက အလေးထားကြတယ်။ မျှော်လည်း မျှော်လင့်ကြတယ်။ ဒါကြောင့် ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ကြိတ်မှိတ်ပြီးတော့ ခံကြတယ်။ ပြီးတော့ အာရက္ခတပ်တော်ပေါ်ကိုလည်း အစွမ်းကုန် ထောက်ခံအားပေးကြတယ်။ ဒါကြောင့် စစ်ရေးရည်မှန်းချက်ပြီးရင် နိုင်ငံရေးရည်မှန်းချက်ကို ဘယ်လိုသွားမလဲဆိုတာ ကျနော်တို့ ပြည်သူတွေက အကုန်လုံး စောင့်ကြည့်နေကြတယ်။”
လက်ရှိ ULA/AA ခေါင်းဆောင်တွေက ကွန်ဖက်ဒရိတ်လို့ ပြောဆိုထားကြပေမဲ့ ရခိုင်လူထုကတော့ အဲဒီထက်ပိုတဲ့ နိုင်ငံတော်တခုကိုသွားဖို့အတွက် လိုလားနေကြတာကြောင့် ဒီကြားထဲမှာ နိုင်ငံရေးရည်မှန်းချက် ဆိုတဲ့အပေါ်မှာ ကွဲပြားတာတွေ ရှိနေတယ်လို့ ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။
ဒါ့အပြင် တခြားသော တော်လှန်ရေးအင်အားစုတွေကတော့ ဖက်ဒရယ်ကို ဦးတည်သွားနေကြတာ ဖြစ်တာကြောင့် လိုအပ်ချက်က သုံးပိုင်းကွဲနေပြီး ဒီအပေါ်မှာ ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရမယ်လို့လည်း ဆိုပါတယ်။
“ဒီနေ့တော်လှန်ရေးက မြန်မာတနိုင်ငံလုံးမှာ တိုက်နေကြတဲ့ တော်လှန်ရေးတွေအားလုံးကတော့ ဖက်ဒရယ်ကိုပဲ ရည်ရွယ်ပြီး တိုက်နေကြတာလေ။ ဒီနေရာမှာတော့ နိုင်ငံရေးအရ နည်းနည်းလေး ခံယူချက်၊ အတွေးအမြင်၊ နိုင်ငံတကာအမြင် ဆိုတဲ့ဟာမှာ နည်းနည်းတော့ ကွဲပြားနေတာ တွေ့ရပါတယ်။”
တကျော့ပြန်တိုက်ပွဲ တနှစ်ပြည့်နဲ့ စစ်ရေး နိုင်ငံရေးရည်မှန်းချက်တွေအပေါ် အာရက္ခတပ်တော်ရဲ့ သဘောထားမှတ်ချက်တောင်းဖို့အတွက် DVB က ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
တဖက်မှာလည်း စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာလက်ခံပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့ ရခိုင်နိုင်ငံရေးပါတီတွေရှိသလို NCA အပစ်ရပ် လက်မှတ်ထိုးထားပြီး စစ်ကောင်စီနဲ့ နေပြည်တော်မှာ အကြိမ်ကြိမ်သွ ားရောက် တွေ့ဆုံနေတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့လည်း ရှိနေတာပါ။
လက်ရှိမှာတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းနဲ့ တခြားမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မပြီးပြတ်သေးတဲ့ စစ်ရေးရည်မှန်းချက်ကို အာရက္ခတပ်တော်က ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။
ထက်အောင်