Home
မြန်မာသတင်း
ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်တပ်က ဗုံးကြဲ၊ ပခုက္ကူ နှောကုန်းရွာမီးရှို့ခံရပြီး အမျိုးသမီး ၃ ဦး သေဆုံး
DVB
·
November 15, 2024
Mi 1

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က မင်းတိုင်ပင်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက် ညနေ ၃ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ အိမ်တချို့ပျက်စီးပြီး ရွာခံတွေ ထွက်ပြေးနေကြရတယ်လို့ ကနဦးသိရတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေကို စုံစမ်းနေဆဲမို့ အတိအကျတော့ မပြောနိုင်သေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံနေရတဲ့ ပုလဲမြို့ပေါ်ကိုလည်း နိုဝင်ဘာ ၁၁ ရက်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ပုလဲမြို့ပေါ်မှာတင် မဟုတ်ဘူးဗျ၊ မြို့နားဝန်းကျင်က ရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာ။ မြို့ပေါ်မှာကတော့ နှစ်ဖက် တိုက်ပွဲတွေက အရမ်းပြင်းထန်နေတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကစပြီး ပုလဲမြို့ပေါ်က မြို့မရဲစခန်းနဲ့ အထကကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပုလဲမြို့ကို နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ Non CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ အပါအဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။

ပုလဲမြို့နယ်ထဲက တိုက်ပွဲတွေအတွင်း ထွက်ပြေးလာကြတဲ့ သောင်းချီတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်ရေသန့်အပြင် ယာယီအမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေ ဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ နှောကုန်းကျေးရွာက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းမှာ မီးရှို့ခဲ့ပြီး ရှင်းလင်းရေးဝင်လုပ်ချိန်မှာ မီးလောင်သေဆုံးနေတဲ့ အမျိုးသမီး ၃ ယောက်ကို တွေ့ခဲ့ရတယ်လို့ ပခုက္ကူမြို့နယ် ပကဖက ပြောပါတယ်။

ပခုက္ကူမြို့နယ် တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်က စစ်သားနဲ့ ပျူစောထီး ၂၀၀ ပါ စစ်ကြောင်းက နှောကုန်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ပခုက္ကူမြို့နယ်ပကဖ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“နှောကုန်းရွာက ပခုက္ကူမြို့နဲ့ဆိုရင် နာရီဝက်လောက်ပဲဝေးတာ၊ မြို့နဲ့ကပ်နေတဲ့ရွာဖြစ်တော့ ကာကွယ်ရေးဘက်ကအဖွဲ့တွေ မြို့နဲ့ကပ်လာမှာစိုးလို့ ခြေလျင်စစ်ကြောင်းထိုးပြီး လာရှို့တာလို့ ထင်ပါတယ်။ သေဆုံးသူတွေရဲ့ အချက်အလက်တွေကို အတည်ပြုနေပါတယ်” လို့ ပြောပါတယ်။

နှောကုန်းကျေးရွာမှာ နေအိမ် ၂၀၀ ခန့်ရှိပြီး စစ်တပ်မီးရှို့တာကြောင့် ရွာလုံးကျွတ်နီးပါးဖြစ်တဲ့ နေအိမ် ၁၈၇ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နေအိမ်မီးလောင်ပျက်စီးမှုတွေကို ရှင်းလင်းရေးဝင်လုပ်ချိန်မှာ မီးလောင်သေဆုံးနေတဲ့ သက်ကြီးရွယ်အို ၂ ယောက်နဲ့ အမျိုးသမီးငယ်တယောက်တို့ ရုပ်အလောင်းကို တွေ့ခဲ့ရတာလို့ သိရပါတယ်။

နှောကုန်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး နေအိမ်တွေမီးရှို့တာဟာ ပထမဆုံးအကြိမ် ​ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013