ရန်ကုန်မှာ နိုဝင်ဘာ ၁၅ ရက်နေ့ တန်ဆောင်မုန်းလပြည့်ညက ပံ့သကူစွန့်ကြဲတဲ့ ငွေကောက်ယူသူ များပြားခဲ့ပြီး ကားတိုက်မိလို့ အမျိုးသမီးတယောက် သေဆုံး၊ တချို့ ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံလူတန်းစားတွေအနေနဲ့ မိသားစုစားဝတ်နေရေး ကျပ်တည်းလာတာကြောင့် လမ်းမတွေပေါ်အသက်နဲ့ရင်းပြီး ပံ့သကူစွန့်ကြဲငွေကို ကောက်ယူနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ကားလမ်းမတွေထက်မှာ လူစုလူဝေးနဲ့ စောင့်ဆိုင်းပြီး လာကြဲမဲ့ ပံ့သကူငွေကောက်ယူသူတွေ တနှစ်ထက်တနှစ်များလာပြီး ကားနဲ့တိုက်မိလို့ ထိခိုက်ဒဏ်ရာရသေဆုံးတာတွေလည်း ရှိလာတာပါ။
ပံ့သကူပစ်သူတွေအနေနဲ့ ပံ့သကူကို နေအိမ်ဝန်းကျင်နဲ့ လမ်းတွေမှာဝှက်ထားပြီး လှူဒါန်းကြသလို တချို့ကအွန်လိုင်းကနေလှူဒါန်းတာရှိသလို အများစုကတော့ ကားနဲ့လှည့်ပတ်ပြီး လမ်းမတွေပေါ် အလှူငွေတွေကြဲချခဲ့တဲ့အတွက် လိုက်လံကောက်ယူသူတွေ ထိခိုက်ဒဏ်ရာရသလို သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မနေ့ညပိုင်းက ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံ ပုလဲလမ်းမှာ သားအမိ ၄ ယောက် ပံ့သကူကောက်ရာကနေ အသက် ၄၀ အရွယ် အမေဖြစ်သူ ကားတိုက်ခံရလို့ ဒဏ်ရာ အပြင်းအထန်ရပြီး ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ ကနောင် နာရေးရှင်ရေး ကူညီမှုအသင်းဆီက သိရပါတယ်။
ရန်ကုန်၊ ရွှေပေါက်ကံမြို့သစ်နေသူတယောက်ကလည်း “ညက ရွှေပေါက်ကံ ၁၁ စျေးဘက်မှာ ကလေးလေးတယောက် ပံ့သကူကောက်ရင်း ကားနဲ့အတိုက်ခံလိုက်ရတာ။ ကားပေါ်က ကြဲသွားတဲ့ပိုက်ဆံကိုလုကြတာက။ အပျော်ကနေ အပျက်ဖြစ်မှာစိုးရတယ်။ကောက်နေကြတာက အရွယ်စုံပါပဲ။ ယောကျ်ားလေး၊ မိန်းကလေး၊ လူကြီး၊ ကလေးအစုံပဲ။ တချို့ကျတော့လည်း အပျော်ရှာတာကိုလုပ်နေတာ။ လူတွေက စားဝတ်နေရေးခက်ခဲနေကြတော့ ပံ့သကူစွန့်ကြဲတာကို အသက်နဲ့ရင်းပြီးကောက်နေရတာပေါ့။ ကားသမားတွေကိုတော့ အရှိန်လျှော့ မောင်းပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
အလားတူ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း ဝေဠုဝန်လမ်းကျယ်မှာလည်း ပံ့သကူပိုက်ဆံကြဲတာကို လုကောက်ရာကချော်လဲပြီး ဦးခေါင်းနောက်စေ့ ၆ လက်မလောက် ကွဲသွားသူတယောက်ကိုလည်း ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနဆီ ပို့ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။