Home
မြန်မာသတင်း
လှိုင်သာယာတံတားပေါ်တွင် လမ်းအလုပ်သမား ၂ ဦး ကားတိုက်ခံရပြီး သေဆုံး
DVB
·
December 9, 2023
Acc 9122023

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်အမှတ် (၂) တံတားအဆင်းလမ်းမှာ  ကားတိုက်ခံရပြီး မီးစက်ပိမိကာ  သေဆုံးနေတဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၉ ရက် မနက် ၆ နာရီလောက်က တွေ့ရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

‌သေဆုံးသူတွေဟာ တံတားအဆင်းလမ်းမှာ လမ်းပြုပြင်နေကြတဲ့ လမ်းလုပ်သားတွေ ဖြစ်ကြတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။

ညဘက်မှာ လမ်းပြုပြင်ရေးပစ္စည်းတွေကို စောင့်ကြည့်ဖို့အတွက် လမ်းမပေါ် အိပ်နေကြချိန်မှာ လမ်းအကာ ဘလောက်တုံးတွေနဲ့ မီးစက်ကို FUSO ကုန်တင် ၁၂ ဘီးကားက ဝင်တိုက်ခဲ့ပြီး  အလုပ်သမား ၂ ဦး အိပ်နေတဲ့ အပေါ် ပိမိခဲ့တာလို့ သိရပါတယ်။

လှိုင်သာယာ PRO RESCUE တာဝန်ရှိသူတဦးက “မနက် ၆ နာရီလောက်မှာ တွေ့တာပါ။ ရုပ်အလောင်းတွေက တောင့်နေပြီ။ လမ်းအဆင်းမှာ ပေ ၃၀ လောက်ကို ဘလောက်တုံးတွေ ကာထားတာ၊ အတိုက်ခံရသူ ၂ ဦးက မီးစက်နားမှာ လမ်းပစ္စည်းတွေကို ညစောင့်အိပ်ရင်း ဖြစ်တာပါ။ မိသားစုတွေနဲ့ အဆက်အသွယ်ရပြီ။ ကားသမားကတော့ ထွက်ပြေးသွားတယ်” လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်တာကို လမ်းအလုပ်သမားတွေ ရောက်လာတဲ့ မနက်ပိုင်းမှ သိရှိခဲ့တာဖြစ်ပြီး သေဆုံးရုပ်အလောင်း ၂ ခုစလုံးဟာ ကုန်တင်ကားအရှေ့ပိုင်းနဲ့ မီးစက်အောက်မှာ ညှပ်နေခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိပြီး နာရီဝက်ကျော်ကြာမှ ဆွဲထုတ်နိုင်ခဲ့ပါတယ်။

ရုပ်အလောင်း ၂ ခုစလုံးကို လှိုင်သာယာမြို့နယ်ဆေးရုံ ရင်ခွဲဌာနကို အရပ်ဘက်အသင်းယာဉ်နဲ့ ပို့ဆောင်ပေးထားပြီး ကုန်တင်ကား ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013