ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းရှိ ‘ကံ့ကော်မြိုင်’ ဂက်စ်မီးဖိုဆိုင်ကို နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် တယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ အနီးရှိ မော်တော်ယာဥ် ၂ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းရှိ ‘ကံ့ကော်မြိုင်’ ဂက်စ်မီးဖိုဆိုင်ကို နိုဝင်ဘာ ၃ ရက် မနက် ၅ နာရီခွဲက ဗုံးခွဲခံရပြီး ဆယ်အိမ်မှူးတယောက် သေဆုံးကာ ရာအိမ်မှူးနဲ့ စစ်အရာရှိတယောက်ရဲ့ ညီဖြစ်သူတို့မှာ ပြင်းထန်ဒဏ်ရာရရှိပြီး ဆိုင်ရှေ့ရပ်ထားတဲ့ကား ၂ စီး မီးလောင်ပျက်စီးသွားတယ်လို့ လမ်းအတွင်း နေထိုင်သူတယောက်က ပြောပါတယ်။
“မနေ့က မနက် ၅ နာရီခွဲလောက်က ဖြစ်တာပါ။ သိပ်မကြာဘူး မီးသတ်အဖွဲ့တွေ ရောက်လာပြီး လာငြှိမ်းသွားတာ။ ဆယ်အိမ်မှူးတယောက် သေသွားတယ်။ နောက် ရာအိမ်မှူးနဲ့ ဗိုလ်မှူးရဲ့ညီတယောက်က မီးလောင်ဒဏ်ရာတွေ ရသွားတယ်။ မီးလောင်သွားတဲ့ ကား ၂ စီးကလည်း ဂက်စ်ဆိုင်ကကားတွေပါ။ ပြီးတော့ ထုံးစံအတိုင်း စစ်သားနဲ့ ရဲတွေ ရောက်လာကြပြီး လမ်းပိတ်စစ်ဆေးတာပေါ့။”
အဲဒီတိုက်ခိုက်မှုကိုတော့ ရန်ကုန်မြို့ပြပြောက်ကျား Mission R အဖွဲ့က ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး လက်ရှိတိုက်ခိုက်ခဲ့တဲ့ ကံ့ကော်မြိုင် ဂက်စ်မီးဖိုဆိုင်ဟာ စစ်ကောင်စီ မိတ္ထီလာ ရှမ်းတဲလေတပ်က ဗိုလ်မှူးမျိုးလွင် မိသားစုပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ကြောင်းနဲ့ လေတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် ဗုံးကြဲနေတာတွေကို ရပ်တန်းကရပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးတာဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ တခုရဲ့ တာဝန်ရှိသူထံက သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလော်ဘီ သတင်းချန်နယ်တွေမှာတော့ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာလမ်းရှိ အမှတ် ၅၈ ပိုင်ရှင် ဒေါ်အေးမြခိုင်ရဲ့ ကံကော်မြိုင် ဂက်စ်အိုးဆိုင်ရှေ့မှာ ဂက်စ်အိုးပေါက်ပြီး ရပ်ထားတဲ့ BGO-ISUZU ယာဥ်နဲ့ YGN-TOYOTA VITZ အဖြူရောင် ယာဥ် ၂ စီးတို့ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။