ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်တဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်ရုံးနဲ့ စက်ဆန်းရပ်ကွက်ရုံးတွေမှာ စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်လူကြီးတွေ အပါအဝင် လူ ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “အလတ်ချောင်းရုံးမှာ Biometric (စမတ်ကတ်) လုပ်နေတုန်း ဗုံးကွဲတာ။ လူနာများတယ်။ အခု ရှေ့တင်တွေ့တာ လူနာတင်ယာဉ် ၅ စီး။ ဗားကရာ ဟိုဘက်ကမ်းမှာ ဖြစ်တာ။ လူတွေက အများကြီးပဲ။ ၁၂ နာရီခွဲလောက်က ဖြစ်သွားတာ” လို့ ပြောပါတယ်။
ရပ်ကွက်ရုံးနဲ့ နီးစပ်သူတွေပြောပြချက်အရ လှူထားတဲ့ ရေဘေးထောက်ပံ့ရေးပစ္စည်းတွေထဲကနေ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာလို့ သိရပြီး ထိခိုက်သူ အမျိုးသားအများစုမှာ ရပ်ကွက်ရုံးအဖွဲ့ဝင်တွေ ဖြစ်နေပါတယ်။
ပေါက်ကွဲမှုကြောင့် အလတ်ချောင်းရပ်ကွက်ရုံးမှာ ရောက်ရှိနေတဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့မှာ ဦးခေါင်း၊ မျက်နှာ၊ လက်တွေမှာ ဗုံးစမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး စက်ဆန်းရပ်ကွက်ရုံးမှာ ရှိနေတဲ့ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက် ခြေထောက်၊ ပေါင်တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကျနော်တို့ သယ်သွားတဲ့ လူနာက အားလုံးပေါင်း ၁၀ ဦး၊ အသင်းက လူနာပဲ သယ်တာပါ၊ ကျန်တာ မသိဘူး။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အများဆုံးပါတယ်။ အရောင်ပြောင်း(သေဆုံး)တာတော့ မရှိဘူး။ အနီရောင်အဆင့်(ပြင်းထန်) ၃ ဦးလောက်ပါတယ်။ ဒဏ်ရာတွေက ခေါင်း၊ ပေါင်၊ လက်ထိတာလောက်ပါပဲ”လို့ ပြောပါတယ်။
ထိခိုက်မိသူတွေကို စစ်ကောင်စီရဲ့ ခုတင် ၅၀၀ အမှတ် ၂ စစ်ဆေးရုံကို ပို့ဆောင်ပေးထားကြတယ်လို့ သိရပြီး ပေါက်ကွဲမှုနေရာနဲ့ လမ်းတွေကို စစ်ကောင်စီဘက်က ရှာဖွေစစ်ဆေးနေပါတယ်။