ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၁၆ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရပ်ကွက်ရုံးတည့်တည့် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဒီရုံးကိုလုပ်ဖို့က ကျနော်တို့ တော်တော်ကြိုးစားခဲ့ရတယ်။ ဒီရုံးကလည်း ရွှေပေါက်ကံက လူတွေ တိုင်တာများလို့ လုပ်တာပေါ့။ ဒီရုံးကို သူတို့ဘက်က အခိုင်အမာလည်း လုပ်ထားတော့ ကျနော်တို့ တော်တော်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။”
Photo - ရွှေပေါက်ကံမြို့သစ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး
တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က စစ်ဆေးတင်းကျပ်တဲ့အပြင် လျှပ်စစ်မီးပါ ဖြတ်တောက်လိုက်ပြီး ဆေးရုံကားတွေလည်း ရောက်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေပေါက်ကံမြို့သစ်က ရပ်ကွက်အများစုမှာပါ စစ်သားနဲ့ ရဲတွေအပြင် ပျူစောထီးတွေပါ ကား၊ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ မြောက်ဥက္ကလာ ပကဖ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
မြောက်ဥက္ကလာ ပကဖက ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ စိန်ပန်းမြိုင် ယာဉ်ထိန်းရုံး ရဲရိပ်သာကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။