ဧရာဝတီတိုင်း၊ လပွတ္တာမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲ မေ ၁၅ ရက် ညပိုင်းက ဗုံးပစ်ခံခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
လပွတ္တာမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဧရာသီရိလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးထဲကို မေ ၁၅ ရက် ည ၈ နာရီခွဲလောက်က လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရတယ်လို့ လမ်းတွင်းနေထိုင်သူတဦးက ပြောပါတယ်။
“မနေ့က ည ၈ နာရီခွဲလောက်က အမျိုးသားနှစ်ယောက် ဆိုင်ကယ်မောင်းလာရင်း ရပ်ကွက်ရုံးထဲကို လက်ပစ်ဗုံးနဲ့ပစ်ပေါက်ပြီး မောင်းပြေးသွားတာ။ ရုံးမှာကင်းစောင့်နေတဲ့ ရုံးအကူ ၂ ယောက်တော့ ဒဏ်ရာရသွားတယ်လို့ ကြားတယ်။”
ဗုံးပေါက်ကွဲမှုကြောင့် ရုံးအကူ ၂ ဦးဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် ဦးကျော်ရင်မှာ မေးစေ့ ဗုံးစထိမှန်ကာ အသက် ၁၇ နှစ်အရွယ် မောင်ဘာဘူမှာ ဝဲလက်မောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဗုံးပေါက်ကွဲရာနေရာက လက်ပစ်ဗုံး လက်ကိုင်တခုလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လမ်းပိတ်ဆို့ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်ကလည်း လပွတ္တာမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ရဲ့ နေအိမ်အနီး ဗုံးပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရပ်ကွက်ပြည်သူ့စစ် ၂ ဦးနဲ့ မြို့ခံလူငယ် ၂ ဦးတို့ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရပါတယ်။
Photo - PAN+social