Home
မြန်မာသတင်း
ကော့ကရိတ်တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များနှင့် စစ်ရှောင်များအတွက် ဆေးဝါးအကူအညီ လိုအပ်
DVB
·
May 16, 2024
KNLA-PDF_10052024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဒေါနတောင်ခြေ ရှေ့တန်းတိုက်ပွဲအတွင်း ဒဏ်ရာရ တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ရှောင်ပြည်သူတွေကို အရေးပေါ်ဆေးကုမှုပေးရာမှာ ဆေးဝါးမလုံလောက်မှုအပြင် လူနာတင်ဖို့ယာဉ်တွေ လိုအပ်နေပါတယ်။

ဧပြီ ၁၂ ရက်က စတင်ကာ စစ်ကောင်စီက ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး အမည်နဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် နေ့တိုင်းလိုလို KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ အနီးကပ်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဆေးကုသမှု ပေးရာမှာ ဆေးဝါးမလုံလောက်မှုနဲ့ လူနာတင်ကားတွေ လိုအပ်နေတာပါ။

နဂါးဖြူစစ်ကြောင်း အမှတ် ၃၁ စစ်ဗျူဟာ ဆေးတာဝန်ခံ မဝေက “တိုက်ပွဲတပွဲမှာ ကျည်ဆန်တွေ အရေးကြီးသလို ကျမတို့ ဆေးတပ်ဖွဲ့မှာလည်း ဆေးတွေ အရေးကြီးပါတယ်။ နောက်တခု လူနာတင်ကား။ ရှေ့တန်းမှာ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ MOD အနေနဲ့ ပူး‌ပေါင်းပေးဖို့နဲ့ တိုက်ခိုက်ရေးချည်းပဲမဟုတ်ဘဲ ပြည်သူတွေပါတဲ့ ဆေးပိုင်းဆိုင်ရာကိုလည်း အလေးပေးဆောင်ရွက်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

မေ ၇ ရက်အထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀၀ နီးပါးသေဆုံးပြီး ၆၀၀ လောက် ဒဏ်ရာရရှိခဲ့သလို KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းဘက်က ၂၀ ကျော် ကျဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုကိုတော့ DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

လက်ရှိ ရှေ့တန်းစစ်မြေပြင်က PDF ရဲဘော်တွေရဲ့ အားသာချက်ဟာ စိတ်ဓာတ်ဖြစ်ပြီး အားနည်းချက်က လက်နက်ခဲယမ်းနဲ့ ဆေးဝါးတို့ ဖြစ်တယ်လို့ ရှေ့တန်းစစ်မြေပြင်ရောက် တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၃၁ စစ်ဗျူဟာ ထောက်ပို့တာဝန်ခံ ကိုသုံးညသစ်က ပြောပါတယ်။

“လက်ရှိမှာ PDF ရဲဘော်တွေရဲ့ အာသားချက်ဟာ စိတ်ဓာတ်ဖြစ်ပြီး အားနည်းချက်က လက်နက်ခဲယမ်း ဆေးဝါး အစရှိတဲ့ဟာတွေ အားနည်းတယ်။ ရန်သူရဲ့အားနည်းချက်ဖြစ်တဲ့ စိတ်ဓာတ်ပိုင်းကို ဖိနင်းပြီး စိတ်ဓာတ်အားသာချက်နဲ့ တိုက်နေကြတာ။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံပြီဆိုရင် ဒီပွဲဟာ ကျနော်တို့ သေချာပေါက်နိုင်ပြီလို့ ပြောလို့ရတယ်။”

စစ်ကောင်စီက နေ့တိုင်းလိုလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနေအိမ်တွေ ထိမှန်ပျက်စီးခဲ့ပေမဲ့ ဒေသခံတွေကတော့ စစ်ရှောင်နေတဲ့အတွက် ထိခိုက်သူမရှိခဲ့ပါဘူး။

ဒ့ါအပြင် မေ ၁၆ ရက် မနက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒဏ်ရာရရဲဘော်တွေဟာ စိတ်ဓာတ်ခိုင်မာပြီး တိုင်းပြည်နဲ့ ပြည်သူအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့ နဂါးဖြူစစ်ကြောင်း ဆေးတာဝန်ခံ မဝေက ပြောပါတယ်။

“စစ်မြေပြင်တိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်တွေ စိတ်ဓာတ်တွေက အရမ်းခိုင်မာတယ်။ ရဲဘော်ရဲဘက် ကျဆုံးရင် ဝမ်းနည်းကြေကွဲပြီး နောက်နေ့ ရှေ့တန်းထွက်တယ်။ ကျနော်တို့ သူငယ်ချင်းအတွက်၊ ကျနော်တို့နိုင်ငံအတွက်၊ ကျနော်တို့ပြည်သူအတွက် ဆိုပြီး အရှေ့မှာ တိုက်ပွဲဝင်နေဆဲဖြစ်တယ်။ မြန်မြန်ပြီးချင် များများလှူပါ။”

ဧပြီ ၂၇ ရက်ကစတင်ပြီး ကော့ကရိတ်မြို့နဲ့ အနီးအနား ကျေးရွာက စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူနေပါတယ်။ ပြန်လည်ဝင်ရောက်နေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ပြောဆိုမှုတွေကို အကြွင်းမဲ့ မယုံကြည်ဖို့နဲ့ လုံခြုံမှုရှိတဲ့နေရာမှာ နေထိုင်ဖို့ KNLA ပူးပေါင်းတပ်တွေက သတိပေး တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာ ၁ ရက်က စတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံ ပြည်သူ ၂၀ ကျော် ထိမှန် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013