Home
မြန်မာသတင်း
TNLA စစ်ဒေသ၌ အပစ်ရပ် ၄ လအတွင်း စစ်တပ်က အကြိမ် ၁၆၀ ကျော် တိုက်ခိုက်
DVB
·
May 16, 2024
TNLA_30122023

တရုတ်ကြားဝင်စေ့စပ်ပေးတဲ့ ဟိုက်ဂင်သဘောတူညီချက် စတင်အသက်ဝင်တဲ့နေ့ကစလို့ ၄ လအတွင်း TNLA စစ်ဒေသမှာ စစ်ကောင်စီတပ်က မြို့နယ် ၁၃ ခုမှာ တိုက်ခိုက်မှုအကြိမ် ၁၆၀ ကျော် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလမှာ မြို့ ၁၄ ခုထက်မနည်း လက်လွှတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်က ဇန်နဝါရီလဆန်းပိုင်းမှာ ညီနောင် ၃ ဖွဲ့နဲ့ “ဟိုက်ဂင်သဘောတူညီချက်” ပြုလုပ်ပြီး ယာယီအပစ်ရပ်ထားတာ ဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်မှာ နှစ်ဖက်တပ်တွေအကြား ထိတွေ့မှုမရှိဖို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ထိန်းချုပ်ဒေသတွေထဲကို လေကြောင်း၊ လက်နက်ကြီးတွေ မပစ်ဖို့ပါ သဘောတူခဲ့ကြတာပါ။

ဒါပေမဲ့ ဟိုက်ဂင်သဘောတူညီချက် စတင်အသက်ဝင်တဲ့ ဇန်နဝါရီ ၁၂ ရက်ကစလို့ မေ ၁၄ ရက်အထိ ၄ လကျော်အတွင်း TNLA ရဲ့ ထုတ်ပြန်ချက်တွေကို DVB က စုစည်းကြည့်လိုက်တဲ့အခါ စစ်တပ်က မြို့နယ် ၁၃ ခုမှာ တိုက်ခိုက်မှု အကြိမ် ၁၆၀ ကျော်ကို ပြုလုပ်ခဲ့ကြောင်း မြင်တွေ့ရပါတယ်။

TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက “တိုက်ပွဲကတော့ ကျမတို့ ရပ်ထားဦးမှာပေါ့လေ။ လက်ရှိက အုပ်ချုပ်တဲ့ မြို့နယ် ၇ မြို့နယ်မှာပဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းကို အဓိကဦးစားပေးပြီး လုပ်သွားမယ်။ ပြီးရင် ဒီအုပ်ချုပ်ရေးယန္တရားကိုလည်း အဓိကတော့ ဒီနှစ်ခုကိုပဲ လည်ပတ်အောင် ဦးစားပေးပြီး လုပ်ဆောင်သွားမယ်။ စစ်ရေးကျ‌တော့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ပေါ်မှာ မူတည်သွားတယ်။ စစ်ကောင်စီက ကျမတို့ သည်းခံနိုင်မှု အတိုင်းအတာကို ကျော်သွားပြီဆိုကာမှ ပြန်လည်ပြီးတော့မှ တုံ့ပြန်တာမျိုးရှိမှာ” လို့ ပြောပါတယ်။

DVB က စုစည်းထားသလောက်ဆိုရင် လက်နက်ကြီးပစ်ခတ်မှု ၁၀၉ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၅၅ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၉ လုံးနဲ့ လက်ဖက်စက်ရုံတခု ပျက်စီးခဲ့ရတာပါ။ ဒါပေမဲ့ ဒီစာရင်းတွေဟာ  မြေပြင်အခြေအနေတွေနဲ့ ကွာဟနေနိုင်ပါတယ်။

TNLA ရဲ့ စစ်ဒေသတွေထဲက အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေကို ထုတ်ပြန်ခဲ့တာလို့ ပြောပေမဲ့ “ဟိုက်ဂင်သဘောတူညီချက်” ဘယ်လောက်အထိ ခိုင်မာနေလဲ ဆိုတာကိုတော့ TNLA ပြောခွင့်ရသူက ထည့်မပြောသွားပါဘူး။

တရုတ်အခြေစိုက် မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာလှကျော်ဇောက “မခိုင်မာပါဘူး။ TNLA ကလည်း အခြေကုပ်နေရာလေးတခုခုရဖို့ ကြိုးစားနေပုံရတယ်။ AA ကိုလည်း စစ်တပ်က မနိုင်နိုင်ဘူးဆိုတာသိလို့ မတိုးဘူး။ MNDAA ကိုတော့ ထားလိုက်ပေါ့။ အဲတော့ သူစားနိုင်တဲ့ TNLA ကိုပဲ ဖိပြီးစားဖို့ သူလုပ်နေပုံရတယ်။ သို့သော် TNLA ကလည်း ရပ်မှာမဟုတ်ဘူး။ နောက်တခုက အကုန်လုံးက တပ်ပေါင်းစု ဖွဲ့ထားတာဗျ။ တဦးချင်း လုပ်ကြတော့တာ မဟုတ်ဘူး။ လူတိုင်းကလည်း သိနေပြီ၊ တဦးချင်းနဲ့ လွတ်မြောက်လို့ မရနိုင်ဘူးဆိုတာ သိနေပြီ။ အဲဒါကြောင့်မို့လို့ ဆက်ပြီးတော့ TNLA နဲ့က တိုက်ပွဲတွေက ဆက်ရှိနေဦးမှာပဲ။ စစ်တပ်ကလည်း သူနိုင်နိုင်ဦးမယ်ထင်လို့ တိုးနေတာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် တိုက်စရာရှိတဲ့သူက ဆက်တိုက်ပြီး စကားပြောတဲ့သူက ဆက်ပြောနေပေမဲ့ သူမသာ-ကိုယ်မသာ အခြေအနေမှာ တရုတ်က ကြားဝင်ဆွေးနွေးပေးပေမဲ့ နယ်စပ်ကိစ္စလိုမျိုး အရေးကြီးတဲ့ သဘောတူညီချက်တွေ ဖြစ်လာမှာ မဟုတ်သေးဘူးလို့ သူကသုံးသပ်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013