မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကျုံအိတ်တံတားအနီးပတ်ဝန်းကျင်မှာ မေ ၁၅ ရက်က Drop Bomb ကျရောက်ပေါက်ကွဲတာကြောင့် အိမ်စီးကားတစီး ပျက်စီးခဲ့သလို ကျုံအိတ်တံတားကို ယာယီပြင်ဆင်ပြီး အိမ်စီးကားအသေးတွေ ပေးဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတား အနီးတဝိုက်မှာ မေ ၁၅ ရက် မွန်းလွဲ ၂ နာရီကစပြီး Drop Bomb ၆ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဲဒီထဲက တလုံးဟာ ကမာဆိုင်ကျေးရွာ ရွှေညောင်ပင် ပရိယတ္တိစာသင်တိုက်အရှေ့မှာ ရပ်ထားတဲ့ ခရီးသည်ကားပေါ် ကျပြီး ကားမီးလောင်ပျက်စီးခဲ့ပါတယ်။
ကမာဆိုင်ရွာခံ အမျိုးသမီးတဦးက “ရပ်ထားတဲ့ ခရီးသည် အံစာတုံးကားပေါ် ကျတာပါ။ ကျတဲ့အချိန် လူမရှိတဲ့အတွက် ထိခိုက်မှုတော့ မရှိပါဘူး။ ကားကတော့ တစီးလုံး မီးလောင်သွားပါတယ်။ ကျန်တဲ့နေရာတွေလည်း ပေါက်ကွဲသံကြားတယ်၊ ထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
Drop Bomb ကျရောက်ပေါက်ကွဲပြီးနောက် ဇီဝန်းအခြေစိုက် အမှတ် ၃၁၄ စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးတွေနဲ့ အနီးနားကျေးရွာတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို အနည်းငယ် ပြင်ဆင်ပြီးနောက် မေ ၁၅ ရက်ကစပြီး ကားသေးတွေ ဖြတ်သန်းခွင့်ပြုနေတယ်လို့ ကားသမားတဦးက ပြောပါတယ်။
“ပထမရက်ထဲက အပျက်အစီးတွေကို ရွှေသံလွင်ကုမ္ပဏီဘက်က ဖယ်ထားပြီးသားပါ။ အဲဒါကို ကားသေးတွေဖြတ်လို့ရအောင် လိုအပ်တဲ့နေရာလေးကို ကားသမားတွေပေါင်းပြီး ခဲထည့်ပြီး မြေဖို့တာတွေ လုပ်လိုက်တာပါ။”
ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးမှာ မေ ၁၁ ရက်က မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို မေ ၁၃ ရက် မနက်မှာ ရွှေသံလွင်ကုမ္ပဏီဝန်ထမ်းတွေက လာရောက်ပြုပြင်တဲ့အချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တံတားပြုပြင်တာကို ရွှေသံလွင်ကုမ္ပဏီဘက်က ယာယီရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။