အာဏာသိမ်း ၃ နှစ်ကျော်လာတဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းရေး လမ်းကြောင်းပေါ်ကို ရောက်လာနိုင်ပါသလား။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံအတွင်း မတည်မငြိမ်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးမှုအရ ဖြေရှင်းကြဖို့ ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက တိုက်တွန်းမှုတွေရှိသလို နိုင်ငံရေးအသိုက်အဝန်း တချို့ကလည်း တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းကြဖို့ တိုက်တွန်းနေကြတာလည်း ရှိပါတယ်။
ဒါပေမဲ့ အာဏာသိမ်းကာလ ၃ နှစ်ကျော်လာတဲ့အခါမှာ စစ်တပ်က အပြစ်မဲ့တဲ့ အရပ်သားပြည်သူ ထောင်ပေါင်းများစွာကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် အာဏာရှင်စစ်တပ်ကို တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ တွေ့ဆုံဆွေးနွေးလိုစိတ် မရှိတော့ဘဲ စစ်တပ်ကို အပြီးတိုင် ဖယ်ရှားရေးက ပိုပြီးကြီးစိုးနေတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
လက်ရှိ စစ်တပ်ကို တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေဟာ အာဏာရှင်စစ်တပ်ကို အပြီးတိုင် ဖယ်ရှားတိုက်ခိုက်ရေး လမ်းကြောင်းတခုတည်းသာ တူညီမှုရှိနေပြီး သူတို့တွေကြားက တူညီတဲ့ နိုင်ငံရေး သဘောတူညီချက် မရှိကြသေးတဲ့အတွက် နိုင်ငံတကာက ပြောဆိုနေတဲ့ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
အဲဒီအပြင် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကနေ သွားလိုကြတဲ့ အစုအဖွဲ့တွေဟာ လက်နက်ကိုင်ဆောင်ထားခြင်း မရှိတဲ့သူတွေ ဖြစ်တာကြောင့် လက်ရှိအနေအထားအရ မြေပြင်ကို စိုးမိုးထိန်းချုပ်ထားတဲ့ တော်လှန်ရေးလက်နက်ကိုင် အစုအဖွဲ့တွေရဲ့ ပြောဆိုမှုတွေကိုသာ လူထုက ထောက်ခံမှုရှိနေသေးတာကြောင့် တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာနိုင်ဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။
လက်ရှိကာလဟာ စစ်ရေးအရ အရှိန်တက်နေတဲ့ကာလဖြစ်သလို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေကို ရှိလာတဲ့အပေါ်မှာ စစ်ရေးအရ အသာရနေပြီလို့ ထင်မြင်မှုရှိနေတာကြောင့် တွေ့ဆုံဆွေးနွေးမှုက ဖြစ်လာနိုင်စရာ မရှိသေးဘူးလို့ သေနင်္ဂအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့ အချိန်ကတည်းက နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြဖို့ လုပ်ဆောင်သင့်ပေမဲ့ အခုချိန်မှာ ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက စစ်ပွဲတွေကိုရပ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုနေယံဦးက ပြောပါတယ်။
မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ဘယ်နိုင်ငံကပဲ တိုက်တွန်းသည်ဖြစ်ပါစေ စဉ်းစားဆုံးဖြတ်ရမှာက မြန်မာနိုင်ငံသားတွေသာဖြစ်ပြီး လက်ရှိအချိန်ထိတော့ စစ်တပ်ဘက်ကရော တော်လှန်ရေး အင်အားစုတွေဘက်ကပါ တွေ့ဆုံဆွေးနွေးလိုတဲ့ဆန္ဒ ရှိမနေကြဘူးလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး နိုင်ငံရေးကနေ အပြီးတိုင်ထွက်သွားဖို့ဆိုတဲ့ အချက်အပါအဝင် အချက် ၅ ချက်ကို လိုက်လျောမှ တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားမယ်လို့ ပြောဆိုထားပါတယ်။
အောင်သူ