
ရန်ကုန်၊ လှိုင်သာယာမြို့နယ်နဲ့ တိုက်ကြီးမြို့နယ်တို့မှာ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုနဲ့ ဝင်တိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမ၊ ပန်တိုင်နဲ့ မဲဇလီရွာကြားမှာ အောက်တိုဘာ ၂၁ ရက် ဒီနေ့မနက် ၇ နာရီလောက်က ကံထူးအောင်ယာဉ်လိုင်းက ခရီးသည်တင်ကားတစီး လမ်းဘေးထိုးကျကာ ရေပြည့်နေတဲ့ လယ်ကွင်းထဲ တိမ်းမှောက်ခဲ့ပါတယ်။
အဆိုပါ ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် ခရီးသည် အယောက် ၅၀ လောက် ပါဝင်ပြီး ပုသိမ်မြို့ကနေ ပုသိမ်- ငရုတ်ကောင်းလမ်းအတိုင်း ရန်ကုန်၊ လှိုင်သာယာအဝေးပြေးဂိတ်ကို မောင်းနှင်လာတာပါ။
ကရုဏာကမ်းလက်အသင်းတာဝန်ရှိသူတယောက်က “ပုသိမ်ဘက်ကနေ လာတဲ့ကား။ မနက် ၇ နာရီလောက်မှာ မှောက်တာ။ အဘွားကြီးတဦးတော့ ဦးခေါင်းသွေးထွက်နေလို့ ဆေးရုံပို့ပေးထားပါတယ်။ စုစုပေါင်းအယောက် ၂၀ လောက် ပြတ်ရှဒဏ်ရာရသွားတယ်။ မြေပြင်ကုသမှုတွေကို အသင်းတွေက ပေးထားပါတယ်”လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ အမျိုးသား၊ အမျိုးသမီး အယောက် ၂၀ မှာ ကားမှန်ကွဲ ပြတ်ရှ၊ ပွန်းပဲ့ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့သလို အသက် ၆၀ ကျော်အရွယ် အမျိုးသမီး တယောက် ဦးခေါင်းသွေးထွက် ဒဏ်ရာကြောင့် ညောင်တုန်းဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။
ယာဉ်တိမ်းမှောက်မှုနေရာကို ကရုဏာကမ်းလက်၊ ကရုဏာတွဲလက်အသင်းတွေနဲ့ တခြားအရပ်ဖက်အသင်း ၇ သင်းလောက် လာရောက်ကူညီကယ်ဆယ်ပေးခဲ့ပြီး အရေးပေါ်ကုသမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။
တိုက်ကြီးမြို့နယ်မှာလည်း အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီလောက်က ဖလုံရွာ၊ ဖလုံတံတားအနီးမှာ လမ်းကြောင်းတူမောင်းလာတဲ့ ကုန်တင် ၁၂ ဘီးကားကို သိဒ္ဓိအောင် ခရီးသည်တင်ကားက အနောက်က ဝင်တိုက်ခဲ့တာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်အကူမှာကားထဲ ညှပ်မိနေခဲ့ပါတယ်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တယောက်က “ရန်ကုန်ဘက်ကနေ သွားတဲ့ လမ်းကြောင်းတူ ကားနှစ်စီး တိုက်မိတာ။ ဝင်တိုက်တဲ့ Express က လူနာ ၂ ဦးထွက်တယ်။ တယောက်က အသက် ၄၂၊ တယောက်က ၂၅ နှစ်။ ကားထဲ တနာရီဝန်းကျင်လောက် ညှပ်နေကြတာ။ ယာဉ်မောင်းက ခြေထောက်ထိခိုက်ဒဏ်ရာ၊ ယာဉ်အကူက ပေါင်ကျိုးသွားတယ်”လို့ ပြောပါတယ်။
ထိခိုက်မိသူတွေကို မေတ္တာရေစင်အသင်းယာဉ်နဲ့ ဥက္ကံဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး သိဒ္ဓိအောင်ယာဉ်မောင်းအမျိုးသားကို ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။