ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်လာတဲ့ ရခိုင်သရုပ်ဆောင်တယောက် ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက ကားတိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်သရုပ်ဆောင် မောင်ယောင်း (ခ) ဇော်ငြိမ်းချမ်းဟာ မနေ့ည ၈ နာရီ ၁၅ မိနစ်လောက်က မကျည်းချောင်းကျေးရွာမှာ အနောက်ကနေ ကားနဲ့ဝင်တိုက်ခံရလို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံ ရွာသားတယောက်က ပြောပါတယ်။
သရုပ်ဆောင် မောင်ယောင်း (ခ) ဇော်ငြိမ်းချမ်းကို အလယ်ချောင်းကျေးရွာကနေ ကိုအောင်ဆန်းမိုးနဲ့ ပုဏ္ဏားကျွန်းမြို့က ကားဝပ်ရှော့ဆရာ ကိုပိန်တို့က အနောက်ကနေ အိမ်စီးကားနဲ့ ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားသူမှာ အိမ်ထောင်ရှိပြီး သား သမီး ၂ ယောက်ကျန်ခဲ့ကာ ပုဏ္ဏားကျွန်းမြို့ဘက်ကနေ မွေးရပ်ဇာတိ ကျည်းချောင်းကျေးရွာကို စစ်ဘေးရှောင်လာတဲ့အချိန်မှာ အခုလိုကားနဲ့ အတိုက်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ကားနဲ့တိုက်ခဲ့တဲ့ ကိုအောင်ဆန်းမိုးနဲ့ ကိုပိန်တို့ကိုတော့ ULA/AA ရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် ဖမ်းဆီးပြီး သူတို့ ၂ ယောက်ထဲက ဘယ်သူက ကားနဲ့ တိုက်ခဲ့တယ်ဆိုတာကို သိရှိနိုင်ဖို့ မျက်မြင်သက်သေတွေကို စစ်ဆေးမေးမြန်းနေပါတယ်။