Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း စစ်ဘေးရှောင်များ အရေပြားရောဂါ ဖြစ်ပွားနေ
DVB
·
October 4, 2024
Photo-လင်းရောင်ခြည်ဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အများစုမှာ အရေပြားရောဂါ အဖြစ်များနေကြတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

အရေပြားရောဂါဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်း မိုးတွင်းကာလကစပြီး အဖြစ်များနေတာ ဖြစ်ပြီးတော့ ၄ လကြာလာတဲ့အထိ မပျောက်ကင်းဘဲ ဖြစ်နေကြတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူတယောက်က ပြောပါတယ်။

“မိုးဦးလောက်ကနေဖြစ်နေတာ မပျောက်ကင်းကြပါဘူး။ အရေပြားရောဂါ ကလေး လူကြီး ဆက်ဖြစ်နေကြတုန်းပါပဲ။ အဓိကက ဆေးဝါးဂရုတစိုက် မကုသနိုင်တာလည်းပါတယ်။ နောက်ပြီး ဒေသတွင်း လိုအပ်တဲ့ဆေးဝါးတွေ မရနိုင်တာလည်း ပါပါတယ်။”

စစ်ဘေးရှောင်ထဲမှာ အရေပြားရောဂါဖြစ်ပွားနှုန်းဟာ လူ ၅ ယောက်ကို ၁ ယောက်နှုန်းနဲ့ ဖြစ်ပွားနေပြီး အနာဆိုးရွားလာတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတယောက်က “ကျနော်တို့ ဒေတာကောက်ကြည့်တော့ အရေပြားရောဂါက လူ ၅ ယောက်မှာ ၁ ယောက်နှုန်းနဲ့ ဖြစ်နေတာ တွေ့ရပါတယ်။ ဆေးလည်း သေချာမကုနိုင်ကြတော့ မပျောက်ကြဘူး။ တရက်လုပ်ခ ကျပ် ၅,၀၀၀၊ ၆,၀၀၀ ပဲရတဲ့ မိသားစုမှာ ဆေးဖိုးဝါးခ ဆိုတာကလည်း ဘယ်ထွက်လာနိုင်ပါ့မလဲ။ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ကူပေးကြတယ်။ ဒါပေမဲ့ ထိရောက်တဲ့ကုသမှုတွေတော့ မပေးနိုင်ဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ပုဏ္ဏားကျွန်း အပါအဝင် ရသေ့တောင်နဲ့ စစ်တွေမြို့နယ်တွေက လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဦးရေ ၈၀,၀၀၀ လောက်ရှိပြီးတော့ စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလအတွင်းမှာ စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ကျန်းမာရေး ပြဿနာတွေကို အဓိကကြုံနေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024