ကျူးဘား ဝါတာပိုလိုကစားသမားဟောင်းတယောက်ဟာ ရေကူးကန်ထဲ ဘောလုံးထိန်းနိုင်မှု ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဟာဗားနားက လီဖွန့်ဆိုသူဟာ ရေကူးကန်ထဲမှာ ဘောလုံးကို ခေါင်းနဲ့ထိန်းနိုင်မှု ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကာ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီစံချိန်တင်နိုင်မှုမှာ ဖီဖာရဲ့ ဒိုင်တွေ၊ နိုင်ငံတကာ ရေကူးအဖွဲ့ချုပ်တွေက ဒိုင်တွေ ကြည့်ရှု အကဲဖြတ်ခဲ့တာ တွေ့ရပါတယ်။
လီဖွန့်ဟာ ဘောလုံးကို ခေါင်းနဲ့ထိန်းချိန် ခါးမှာလည်း ၆ ကီလိုဂရမ်လေးတဲ့ အလေးတခု ပတ်ထားခဲ့ပါသေးတယ်။
ရေထဲမှာ ၈ မိနစ် စက္ကန့် ၃၀ ကြာအောင် ဘောလုံးကို ထိန်းထားနိုင်ခဲ့ပြီး မနှစ်က စံချိန်ဖြစ်တဲ့ ၇ မိနစ်နဲ့ ၂ စက္ကန့်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
လီဖွန့်က “ရေထဲမှာ ဒီလိုစွမ်းဆောင်နိုင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ ကမ္ဘာမှာ ဒါမျိုး လိုက်ပြီးလုပ်နိုင်တဲ့သူ မရှိသေးပါဘူး။ ကမ္ဘာမှာ ဘောလုံးထိန်းသိမ်းနိုင်မှုတွေ ပိုပြီး ခေတ်စားလာပါတယ်။ ဝါတာပိုလိုအသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့ပြီး အဲဒီအချိန်တည်းက ဒီလိုလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ ကျနော့်ရဲ့ ပထမဆုံး ဂင်းနစ်စံချိန် ရရှိခဲ့တဲ့အထိ တိုးတက်လာခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
လီဖွန့်ဟာ ရေထဲမှာ ဘောလုံးထိန်းနိုင်တဲ့ စံချိန်အပြင် ၁ မိနစ်အတွင်း ခေါင်းနဲ့ ၁၇၂ ကြိမ် တော့နိုင်ခဲ့တဲ့အထိ အံ့အားသင့်ဖွယ် စွမ်းဆောင်မှုတွေလည်း ရေထဲမှာ စွမ်းဆောင်ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။
Source: Reuters
Photo: Reuters