Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်တပ်လက်နက်ကြီးကျည် ထိမှန်ပြီး လူငယ် ၁ ဦး သေဆုံး ၄ ဦးဒဏ်ရာရ
DVB
·
November 15, 2024
Photo-စစ်ကိုင်းမြို့နယ် ပအဖ အဖွဲ့ဝင်တဦး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တအိမ်တည်းကျေးရွာကို နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူငယ်တယောက် သေဆုံးကာ ဒေသခံ ၄ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “တအိမ်တည်းရွာကို စစ်ကိုင်းမြို့ပေါ်က အမှတ် ၁၆ ရဲတပ်ရင်းထဲကနေ ၈၁ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့တာပါ။ လူငယ်တဦးသေတယ်။ ၄ ဦး ဒဏ်ရာရတယ်။ ရွာက အိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ကနဦး သိထားရပါတယ်” လို့ DVB ကို ပြောပါတယ်။

တအိမ်တည်းကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ​ကြောင့် သေဆုံးသွားသူဟာ အသက် ၁၄ နှစ်အရွယ် မောင်ဝေလျှံထက် ဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် မောင်ကောင်းခန့်အောင်၊ အသက် ၁၈ နှစ်အရွယ် မောင်စော၊ အသက် ၅၀ နှစ်အရွယ် ဒေါ်မြတ်ကြည်နဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဝင်းမြိုင် တို့ဟာ ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ကြလို့ ဆေးကုသမှု ခံယူနေကြရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့ တအိမ်တည်းကျေးရွာက ဒေသခံပြည်သူ တချို့ဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ပြည်သူတွေ ဒုက္ခရောက်စေချင်လို့ကို ကျေးရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာပါ။ အဲဒါတင်မကဘဲ မနေ့ကလည်း စစ်သား၊ ရဲနဲ့ ပျူတွေပေါင်းပြီး မင်းကွန်းဒေသ ရန်အောင်ကွက်သစ်ရပ်ကွက်က လူနေအိမ်တွေကို မီးရှို့သွားခဲ့ပါသေးတယ်။ ကျနော်တို့ နှစ်ဖက်တိုက်ပွဲဖြစ်တာ မရှိပါဘူး။ သက်သက်မဲ့ သက်သက်လုပ်နေတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေရဲ့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ ရန်အောင်ကွက်သစ်ရပ်ကွက်က လူနေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက ပုလဲမြို့ပေါ်နဲ့ ကျေးရွာတွေကို နိုဝင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အထိ ၅ ရက်အတွင်း Mi 35 နဲ့ ၆ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၂၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပုလဲမြို့ပေါ်က ပြည်သူ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ပုလဲမြို့ပေါ်နဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013