Home
မြန်မာသတင်း
ရေတာရှည်နှင့်တောင်ငူတွင် လက်နက်ကြီးကြောင့် ပြည်သူများ ထိခိုက်သေဆုံး
DVB
·
November 9, 2024
Photo-လူမှုကွန်ရက်
Photo-လူမှုကွန်ရက်
Photo-ကီးကူ စစ်ကြောင်း
Photo-ကီးကူ စစ်ကြောင်း
Photo-ကီးကူ စစ်ကြောင်း

ပဲခူးတိုင်း၊ ရေတာရှည်နဲ့ တောင်ငူမြို့နယ်တို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့်  စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေက ပြည်သူတွေ သေဆုံး ဒဏ်ရာရကြတယ်လို့ သိရပါတယ်။

ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တာကြောင့် နိုဝင်ဘာ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တပတ်အတွင်း ပြည်သူ ၁ ယောက်သေဆုံးပြီး  ၃ ယောက် ပြင်းထန်ဒဏ်ရရာရှိခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

အခု နိုဝင်ဘာလထဲမှာပဲ ဒရုန်းဗုံးသီးမှန်လို့ ကျွန်းကုန်းရွာက အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသလို  လက်နက်ကြီးမှန်လို့လည်း ၁ ယောက် ဒဏ်ရာရပြီး နေအိမ်တွေ မီးလောင်တာလည်းရှိတယ်လို့ ကီးကူးစစ်ကြောင်းက ရဲဘော်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားသောက်ရေး ခက်ခဲလာတဲ့အပြင် မိုးလည်းရွာနေလို့ နေထိုင်ရေးလည်းခက်ခဲလာတယ်လို့   ပိတောက်ကုန်းကျေးရွာက စစ်ရှောင် အမျိုးသမီးတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တောင်မြစ်အနောက်ဘက် ဆွာရွာမနဲ့ ရွာသစ်ရွာမှာ တပ်စွဲပြီး တော်လှန်ရေး တပ်ဖွဲ့တွေစိုးမိုးထားတဲ့ စစ်တောင်မြစ်အရှေ့ဘက်ကမ်းက ကျွန်းကုန်း၊ ပိတောက်ကုန်း၊ စည်ပိုင်း စတဲ့ အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းလိုလို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တောင်ငူမြို့နယ်၊ စစ်တောင်မြစ်အရှေ့ဘက်ကမ်းက ကမ်းနီးကျေးရွာနားမှာ နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲကနေပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ စစ်တောင်မြစ်အနောင်ဘက်ကမ်း ကွမ်းသီးပင်ကျေးရွာမှာ ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၄ ယောက် ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတယောက်က “လက်နက်ကြီး တလုံးက အိမ်ပေါ်တည့်တည့်ကျတာ။ အဲဒီမှာ ၃ နှစ်အောက်ကောင်လေးတယောက်ရယ်၊ နောက် ကောင်မလေးတစ်ယောက်၊ အမျိုးသား ၂ ယောက်၊ စုစု‌ပေါင်း မိသားစု‌ ၄ ‌ယောက်ပေါ့။ ခု တောင်ငူဆေးရုံကြီးမှာ ဆေးကုသနေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်လို့ ပြည်သူတွေကိုကယ်ထုတ်ဖို့လာတဲ့ ပရဟိတကားတွေကိုလည်း စစ်ကောင်စီက ရွာတွေထဲကို ဝင်ခွင့်မပြုလို့ ပြည်သူတွေ ခြေလျင်ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ကျွန်းတောရွာဘက်ကနေ ဇီးဖြူပင်ဘက်ကိုပိတ်ထားတယ်။ အဲဒါ လောလောဆယ်ရတယ် နှစ်ဆောင်ပြိုင်ဘက်ကနေသွားနေရတယ်။ စစ်ရှောင်ရတာကတော့ ကမ်းနီရွာ၊ ကွမ်းသီးပင်ရွာ၊ ပြီး‌တော့ အနီးအနားက ရွာ‌တွေက လူတွေရော၊ လူ ၂,၀၀၀ ကျော်လောက်ရှိမယ်။ မြို့ပေါ်မှာတော့ ကယ်ဆယ်ရေးစခန်းဖွင့်မပေးဘူးပြောတယ်။ ဇီးဖြူပင်စာသင်တိုက်ကို ပရဟိတကားတွေခေါ်လာလို့ ခု အဲဒီမှာနေနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNU တပ်မဟာ ၂ က ရဲဘော်တွေ တိုက်ပွဲဖြစ်တာလို့ သိရပြီး နေ့ခင်းပိုင်းမှာတော့ တိုက်ပွဲပြန်ငြိမ်သွားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းက KNU စိုးမိုးရာနယ်မြေတွေကို စစ်ကောင်စီက မကြာခဏ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေလုပ်တာကြောင့် ပြည်သူတွေဒဏ်ရာရ၊ နေအိမ်တွေပျက်စီးသလို တိုက်ပွဲဖြစ်ရာရွာတွေမှာ စစ်ကောင်စီက မိုင်းတွေထောင်ခဲ့တာကြောင့်လည်း ပြည်သူတွေနင်းမိပြီး ဒဏ်ရာရကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013