မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ နိုဝင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းလာတဲ့ လူငယ် ၂ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးလိုက်ကြောင်း ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်ခန့်က သထုံ-ဘီးလင်း ကားလမ်းမပေါ်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် ဘီးလင်းမြို့မှ သထုံမြို့ဘက်ကို ဆိုင်ကယ်စီး မောင်းနှင်လာတဲ့ လူငယ် ၂ ယောက်ကို ရပ်တန့်စစ်ဆေးရာက ပေါ်တော်မူ (ကျေးရွာ) လမ်းဆုံမှာ ဖမ်းဆီးရမိခဲ့တာလို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သူတို့နှစ်ယောက်လုံးရဲ့ ဖုန်းထဲကနေ နိုင်ငံတော်ကိုဆန့်ကျင်တဲ့ သတင်းအချက်အလက်တွေ ပြန်လည်မျှဝေထားတာရယ် နောက်ပြီး PDF တွေနဲ့ ဆက်သွယ်ပြောဆိုထားတာတွေ တွေ့ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။”
PDF အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခံခဲ့ရတဲ့ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာနေ အသက် ၂၁ နှစ်အရွယ် အောင်သူရ (ခ) အငယ်ကောင်နဲ့ အသက် ၂၀ ကျော် လူငယ်တယောက်တို့ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတဲ့ လူငယ် ၂ ယောက်ကို သုဓမ္မဝတီနယ်မြေရဲစခန်းမှာ စစ်ဆေးမေးမြန်းနေသလို မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ် ဖြတ်ထားကြောင်း ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ် ၃ ယောက်ကို စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။
မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး ခရီးသွားလူငယ်တွေကိုလည်း PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးနေတဲ့အပြင် ငွေကျပ်သိန်းရာနဲ့ချီ ပေးနိုင်တဲ့သူတွေကို ပြန်လွှတ်ပေးနေကြောင်း ဒေသခံတွေအကြား ပြောဆိုနေပါတယ်။