Home
မြန်မာသတင်း
အိမ်မဲမြို့နယ်၌ လူငယ် ၄ဝ ကျော်ကို အဓမ္မစစ်သားစုဆောင်း
DVB
·
November 14, 2024
Photo - KKL

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်ကနေ စစ်မှုထမ်းအမှတ် စဉ် ၆ အတွက် အသက် ၁၇ အရွယ် လူငယ်တွေ အပါအဝင် အရပ်သား အယောက် ၄၀ ကို အဓမ္မစစ်သားစုဆောင်းခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး အသက် ၁၇ ကျော်အရွယ်တွေအပါအဝင် အရပ်သား အယောက် ၄၀ ကျော်အထိ စစ်မှုထမ်းဖို့ဆိုပြီး အဓဓမ္မ စစ်သားစုဆောင်းပေးခဲ့တာလို့ ဆိုပါတယ်။

အဓမ္မစစ်သားစုဆောင်းခံရတဲ့ မိသားစုဝင်တယောက်က“အပတ်စဉ် ၆ အတွက် အယောက် ၄ဝ ခေါ်တာ။ မဲနှိုက်ပြီး ရွေးချယ်တာ မဟုတ်ဘဲ အိမ်တွေထဲအထိ လိုက်ဆွဲခေါ်သွားတာ။ အခေါ်ခံရတဲ့သူတွေထဲမှာ အသက် ၁၇ လောက် ကလေးတွေ ပါပါတယ်။ အဲဒီ အသက်ငယ်တဲ့ ကလေးတွေကို သိသိကြီးနဲ့ ခေါ်သွားတာ။ မြို့နယ်ထွေအုပ်နဲ့ စကစတပ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပေါင်းလုပ်တာ”လို့ ပြောပါတယ်။

အိမ်မဲမြို့နယ် အပါအဝင် ဧရာဝတီတိုင်းထဲက အဓမ္မစစ်သားစုဆောင်းခံရတဲ့ အရပ်သားတွေကို ပုသိမ် စစ်တိုင်းရုံးနဲ့ ရန်ကုန်ဘက်က တိုင်းစစ်ဌာနချုပ်တွေဘက်ကို ခေါ်ဆောင်သွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က“အပတ်စဉ် ၆ အတွက် စစ်သား စုဆောင်းခံရတာအားလုံး အယောက် ၄၀ ကျော်ပေ့ါ။ ကျေးရွာတွေဘက်က အယောက် ၂၀ ကျော်နဲ့ ရပ်ကွက်တွေထဲက အယောက် ၂၀ လို့ သိရတယ်။ လက်ရှိသင်တန်းပေးဖို့ စကစဘက်က လျာထားတဲ့ နေရာတွေဆီ ပို့လိုက်ပြီလို့ သိရတယ်”လို့ ပြောပါတယ်။

အဓမ္မ စစ်သားစုဆောင်းခေါ်ခံခဲ့ရတဲ့ အရပ်သားတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေ ပါပြီး ကျောက်ကပ်၊ နှလုံး၊ ဆီးချို၊ ကိုယ်လက်အင်္ဂါမသန်စွမ်း စတဲ့မူလရောဂါအခံရှိတဲ့သူတွေပါ စုဆောင်းခံရတာတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ စစ်မှုထမ်း အပတ်စဉ် ၄ နဲ့ ၅ တုန်းက အဓမ္မစစ်သားစုဆောင်းခံရတဲ့ အရပ်သားတွေကို စစ်သင်တန်းပေးပြီး ရှမ်းပြည်နယ်မှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ဖို့ ဖိအားပေး ပို့ဆောင်ခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013