Home
နိုင်ငံတကာ
ထရမ့်ပ်က အစိုးရထိပ်တန်းနေရာများတွင် အတွေ့အကြုံနည်းသူများကို ခန့်အပ်
DVB
·
November 14, 2024
Photo: REUTERS/Vincent Alban/F

အမေရိကန်သမ္မတအဖြစ် တကျော့ပြန် ရွေးကောက်ခံရသူ ဒေါ်နယ်ထရမ့်ပ်ဟာ အတွေ့အကြုံနည်းပါးတဲ့ သူ့သစ္စာခံတွေကို အဓိကကျတဲ့ အစိုးရရာထူးနေရာတွေမှာ ရွေးချယ်ထားပါတယ်။

ဒီရွေးချယ်မှုတွေဟာ မဟာမိတ်တွေကိုတောင် အံ့အားသင့်စေခဲ့ပြီး ထရမ့်ပ်ဟာ အမေရိကအင်စတီကျူးရှင်းတွေကို ပြန်လည်ပုံဖော်ဖို့ ရည်ရွယ်တယ်ဆိုတာကိုလည်း ထင်ရှားစေခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် လွှတ်တော်အမတ် မတ်ဂတ်ဇ်ကို ရှေ့နေ့ချုပ်အဖြစ် ရွေးချယ်ခဲ့မှုဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

ရှေ့နေဟောင်း ဂတ်ဇ်ဟာ တရားရေးဌာနမှာ တခါမှ အလုပ်မလုပ်ဖူးသလို ဥပဒေအရာရှိ အဖြစ်လည်း မလုပ်ခဲ့ဖူးပါဘူး။ ဒါ့အပြင် လိင်ကုန်ကူးမှုစွဲချက်တွေနဲ့ပါ တရားရေးဌာနရဲ့ စုံစမ်းစစ်ဆေးခံရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြစ်မှုကြောင်းအရ စွဲချက်တင်မခံခဲ့ရပါဘူး။

အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် တူလ်ဆီဂါးဘတ်ကို လျာထားပါတယ်။ အမျိုးသမီး လွှတ်တော်အမတ်ဟောင်းဟာ အိုဘားမား လက်ထက်က ဆီးရီးယားပြည်တွင်းစစ်မှာ အမေရိကန် စစ်ရေးဝင်စွက်တာကို ကန့်ကွက်ခဲ့ဖူးသူဖြစ်သလို ယူကရိန်းကို ကျူးကျော်ဖို့ ပူတင်မှာ တရားဝင် အကြောင်းပြချက်ရှိတယ်လို့ ပြောခဲ့ဖူးသူဖြစ်ပါတယ်။

ဂါးဘတ်ဟာ ထောက်လှမ်းရေးလုပ်ငန်းနယ်ပယ်မှာ တိုက်ရိုက်အတွေ့အကြုံ အနည်းငယ်သာရှိသူဖြစ်ပြီး ထောက်လှမ်းရေးအေဂျင်စီ ၁၈ ခုကိုတောင် ဦးစီးရတဲ့ ဒီရာထူးမှာ ရွေးခံရမယ်လို့ အများမမျှော်လင့်ကြပါဘူး။

ဖောက်စ်နယူးစ်က ရုပ်သံတင်ဆက်သူ၊ စစ်ပြန်တယောက်ဖြစ်တဲ့ ပိ(တ်)ဟက်ဆက်သ် ကိုလည်း ကာကွယ်ရေးဝန်ကြီးနေရာ ရွေးထားပါတယ်။

ဗိုလ်ချုပ်ကြီး ချားစ်ဘရောင်း ဂျူနီယာဟာ လူမည်းဖြစ်လို့ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌနေရာ ရခဲ့တာလားလို့ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ စစ်သည်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့လည်း နှိုးဆော်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ အတွေ့အကြုံအထက် သူ့အပေါ်သစ္စာခံပြီး အငြင်းပွားဖွယ်ရာဖြစ်နိုင်တဲ့ သူ့အမိန့်တွေကို မဆန့်ကျင်မယ့် လူမျိုးတွေ ရွေးပြီးခန့်နေတာလို့ လေ့လာသူတွေရဲ့ မှတ်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013