Home
နိုင်ငံတကာ
စစ်ဦးစီးချုပ်များအပါဝင် ပင်တဂွန်ထိပ်တန်းအရာရှိကြီးများကို ဖယ်ရှားရန် ထရမ့်ပ် စီစဉ်ထား
DVB
·
November 14, 2024

ဒေါ်နယ်ထရမ့်ပ်ရဲ့ အာဏာလွှဲပြောင်းရေးအဖွဲ့ဟာ စစ်ဦးစီးချုပ်တွေအပါအဝင် ရာထူးက ဖယ်ရှားပစ်ဖို့ စာရင်းလုပ်ထားပြီး ပင်တဂွန်စစ်ဌာနချုပ်ကို အကြီးအကျယ် မြေလှန်ပစ်ဖို့ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

စစ်ဦးစီးချုပ်များအဖွဲ့မှာ အမေရိကန်စစ်တပ်ရဲ့ အဆင့်အမြင့်ဆုံးအရာရှိကြီးတွေ ပါဝင်ပြီး၊ ကြည်း၊ ရေ၊ လေ၊ မရိန်း၊ အမျိုးသားအစောင့်တပ်နဲ့ အာကာသတပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်တွေ ပါဝင်ပါတယ်။ 

နိုဝင်ဘာ ၅ ရက်နေ့မှာ ထရမ့်ပ်နိုင်ပြီးကတည်းက ဒီဖယ်ရှားဖို့ ကိစ္စကို စီစဉ်ထားတာလို့ ထရမ့်ပ်ရဲ့ အာဏာလွှဲပြောင်းရဲ့ အစီအစဉ်နဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ 

တခြား သတင်းရင်းမြစ်တယောက်ကလည်း ပင်တဂွန်မှာ အစုလိုက်ဖယ်ရှားမှုမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

ထရမ့်ပ်ကိုယ်တိုင်က ဒီအစီအစဉ်ကို ထောက်ခံထားသလား၊ မထောက်ခံဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ သူ့ကို ဝေဖန်ခဲ့တဲ့ စစ်ဘက်ခေါင်းဆောင်တွေ အရင်က ပစ်မှတ်ထား ဝေဖန်ဖူးပါတယ်။ 

လူမှုတရားမျှတမှု၊ သာတူညီမျှမှု စတဲ့ အခွင့်အရေးတွေလှုပ်ရှားတဲ့ နိုးထမှု (Woke) လို့ခေါ်တဲ့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ၂၀၂၁ အာဖဂန်က ဆုတ်ခွာရာမှာ ဝရုန်းသုန်းကားဖြစ်စေခဲ့မှုမှာ တာဝန်ရှိတဲ့ ဗိုလ်ချုပ်ကြီးတွေကို ဖြုတ်ပစ်မယ်လို့တော့ ထရမ့်ပ်က ပြောဖူးပါတယ်။ 

ထရမ့်ပ်ပထမသက်တမ်းတုန်းက စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးတဲ့ မာ့ခ် မိုင်လေနဲ့ ပတ်သက်သူတွေကို ပစ်မှတ်ထားဖွယ်ရှိတယ်လို့လည်း သတင်းရင်းမြစ်တယောက်က ဆိုပါတယ်။  

ပင်တဂွန်ကို သန့်စင်ပစ်ချင်တဲ့ ဖောက်စ်နယူးစ် တင်ဆက်သူနဲ့ စစ်ပြန်ဟောင်း ပိတ် ဟက်ဂ်ဆက်သ်ကို ကာကွယ်ရေးဝန်ကြီးနေရာ လျာထားခဲ့အပြီးမှာ အခုသတင်းတွေပါ ထွက်ပေါ်လာခဲ့တာပါ။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013