Home
နိုင်ငံတကာ
‘DOGE’ အစိုးရဌာနသစ်ကို အီလွန်မတ်စ် ဦးဆောင်မည်ဟု ထရမ့်ပ် အတည်ပြု
DVB
·
November 13, 2024
Photo: Reuters

အမေရိကန် ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်ပ်က ဘီလီယံနာသူဌေးကြီး အီလွန်မတ်စ်ခ် ဟာ ‘အစိုးရအကျိုးထိရောက်မှုရှိရေးဌာန’  (DOGE)ကို  ဦးဆောင်သွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာလိုက်ပါတယ်။ 

DOGE အမည်ရ အသစ်ဖွဲ့စည်းထားတဲ့ ဌာနကို အီလွန်မတ်စ်ခ်နဲ့အတူ ရီပတ်ဘလစ်ကန် သမ္မတလောင်းနေရာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဗီဗက်ခ်ရာမာဆွာမိတို့က ပူးတွဲတာဝန်ယူသွားမှာပါ။

အဲဒီဌာနဟာ အစိုးရအဖွဲ့ပြင်ပကနေသာ ထိန်းကျောင်းပေးမှာဖြစ်ပြီး အစိုးရရဲ့  ဗျူရိုကရေစီယန္တရားကို ပိုမိုထိရောက်စေဖို့နဲ့ အသုံးစရိတ်လျှော့ချရာမှာ အကြံပေးအဖွဲ့အနေနဲ့  ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။။

ထရမ့်ပ် မဲဆွယ်စဉ်ကာလမှာ ကတိပြုခဲ့တဲ့အတိုင်း အစိုးရဝန်ထမ်းနေရာပေါင်း ၁ သိန်းလောက် လျှော့ချမယ့် အစီအစဉ်ကိုလည်း မက်စ်နဲ့ ရာမာဆွာမိတို့က အကောင်အထည်ဖော်ဖို့ ရှိပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ဟာ အစိုးရလုပ်ငန်းတွေ ပိုမိုထိရောက်စေရေးနဲ့ အသုံးစရိတ်လျှော့ချရေး ကိစ္စရပ်တွေမှာ စိတ်ဝင်စားမှုရှိတဲ့အကြောင်း အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။

အမေရိကန်အစိုးရရဲ့  စုစုပေါင်းအသုံးစရိတ်ဖြစ်တဲ့ ဒေါ်လာ ၆ ဒသမ ၅ ထရီလီယံထဲကနေ ဘယ်လောက်လျှော့ချပေးနိုင်မလဲဆိုတဲ့ မေးခွန်းကို မက်စ်က အနည်းဆုံးဒေါ်လာ ၂ ထရီလျံအထိ ဖြစ်နိုင်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

ရာမာဆွာမိက မဲဆွယ်စည်းရုံးခဲ့ရာမှာလည်း အစိုးရအသုံးစရိတ်ဖြုန်းတီးမှုကို လျှော့ချဖို့ အဓိကထားပြောဆိုခဲ့တာပါ။

မနှစ်တုန်းက မဲဆွယ်ပွဲတွေမှာ FBI အက်ဖ်ဘီအိုင် အပါအဝင် ပညာရေးဌာနနဲ့ နျူကလီးယားကြီးကြပ်ရေး ကော်မရှင်တို့ကို ဖျက်သိမ်းပစ်မယ်ဆိုပြီး ရာမာဆွာမိက ကတိပေးခဲ့ဖူးပါတယ်။

ဒါ့အပြင် ထရမ့်ပ်က သူရဲ့  ဒုတိယသက်တမ်းမှာ စစ်ပြန်ဟောင်း Fox News သတင်းကြေညာသူ ပိထ်ဟက်ဆက်သ်ကို ကာကွယ်ရေးဝန်ကြီးနေရာနဲ့ ထိပ်တန်းစပိုင်ဟောင်း ဂျွန်ရတ်ကလစ်ဖ် ကိုတော့ CIA  အမျိုးသားထောက်လှမ်းရေးဌာနရဲ့  ဒါရိုက်တာအဖြစ် ရွေးချယ်ခဲ့ပါတယ်။

၂၀၂၆ ဇူလိုင် ၄ ရက်မတိုင်ခင် အဲ့ဒီဌာနအသစ်ရဲ့ လုပ်ငန်းတာဝန်တွေကို အပြီးသတ်မယ်ဆိုပြီး ထရမ့်ပ်က ကြေညာချက်ထဲမှာ ထည့်ပြောထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013