အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နိုဝင်ဘာ ၇ ရက်က ဖုန်းနဲ့ စကားပြောဆိုခဲ့ပြီး ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးခဲ့တယ်လို့ ဒီအကြောင်းနဲ့ ရင်းနှီးသူကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက နိုဝင်ဘာ ၁၀ ရက်မှာ ဖော်ပြပါတယ်။
ထရမ့်ပ်က ယူကရိန်းစစ်ပွဲကို အရှိန်မမြှင့်ဖို့ ရုရှားသမ္မတပူတင်ကို အကြံပေးခဲ့ပြီး အမေရိကန် အစိုးရရဲ့ ဥရောပမှာ ကြီးမားလှတဲ့ စစ်ရေးတည်ရှိမှုကို သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ချိန်ကတည်းက စစ်ပွဲကို တရက်အတွင်း အဆုံးသတ်ဖို့ အဖြေရှာမယ်လို့ ထရမ့်ပ်က ပြောခဲ့ပေမဲ့ ဘယ်လိုလုပ်မယ်ဆိုတာကို မရှင်းပြခဲ့ပါဘူး။
ဝါရှင်တန်ပို့စ်သတင်းထောက် ဘော့ဘ်ဝုဒ်ဝ့ါဒ်ရဲ့ စာအုပ်သစ်ထဲမှာတော့ ထရမ့်ပ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အိမ်ဖြူတော်ကနေ ထွက်ခွာပြီးကတည်းက ပူတင်နဲ့ အကြိမ်ကြိမ် စကားပြောခဲ့တယ်လို့ ဖော်ပြထားပြီး ထရမ့်ပ်က ဒီအချက်ကို အတည်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။
ထရမ့်ပ်ဟာ ဗုဒ္ဓဟူးနေ့ကလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ စကားပြောခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ဖုန်းခေါ်ဆိုမှုအတွက် ယူကရိန်းအစိုးရကို ကြိုတင်အကြောင်းကြားခဲ့တယ်ဆိုတဲ့ သတင်းက မှားယွင်းတယ်လို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
Source: Reuters