ဒေါ်နယ်ထရမ့်ပ်ဟာ အရီဇိုးနားပြည်နယ်မှာပါ အနိုင်ရတဲ့အတွက် အဆုံးအဖြတ်ပြည်နယ် ၇ ခုလုံးမှာ အနိုင်ရပြီး ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်စာရင်းချုပ်သွားပြီ ဖြစ်တယ်လို့ သတင်းဌာနကတွေက ဖော်ပြပါတယ်။
ရွေးကောက်ပွဲအပြီး နောက်တနေ့မှာကတည်းက ထရမ့်ပ် နိုင်တာ သေချာသွားပေမဲ့ ပြည်နယ်အချို့မှာ ဘယ်သူနိုင်သလဲ ဆိုတာကိုတော့ နိုဝင်ဘာ ၉ ရက်နေ့လောက်မှ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေနဲ့ သတင်းဌာနတွေက အတည်ပြုနိုင်တာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်မဲ ၃၁၂ မဲ ရရှိခဲ့ပြီး ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်း ကမ်မလာဟားရစ်ကတော့ ၂၂၆ မဲ သာရခဲ့ပါတယ်။
ပုခက်လွှဲသလို ဘယ်ညာယိမ်းနေတဲ့ swing states လို့ခေါ်ကြတဲ့ ပြည်နယ်တွေဖြစ်တဲ့ အရီဇိုးနား၊ မီရှီဂန်၊ ပင်ဆီလ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်းနား၊ ဝစ္စကွန်ဆင်၊ နီဗားဒါးပြည်နယ် တို့အားလုံးမှာ ထရမ့်ပ်က အနိုင်ရခဲ့တာဖြစ်ပါတယ်။
၂၀၂၀ တုန်းက ဘိုင်ဒင်က ထရမ့်ပ်ကို အဲဒီပြည်နယ် ၇ ခုအနက် ၆ ခုမှာ နိုင်ပြီးတော့ ၃၀၆ မဲ နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက ထရမ့်ပ်က ၂၃၂ မဲ ရခဲ့ပြီး ၂၀၁၆ မှာတော့ ၂၀၂၀ နဲ့ ပြောင်းပြန်၊ ထရမ့်ပ်က ၃၀၆ မဲရခဲ့ပြီး ဟီလာရီကလင်တန်က ၂၃၂ မဲ နဲ့ ရှုံးခဲ့တာဖြစ်ပါတယ်။
အေပီသတင်းဌာနရဲ့ တွက်ချက်မှုအရ လူထုမဲစုစုပေါင်းမှာလည်း ထရမ့်ပ်က အသာရခဲ့ကာ ၇၄ ဒသမ ၆ သန်း၊ ကမ်မလာဟားရစ်ကတော့ ၇၀ ဒသမ ၉ သန်းပဲ ရခဲ့ပါတယ်။
သက်ဆိုင်ရာပြည်နယ်အသီးသီးကို ကိုယ်စားပြုတဲ့ သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒရေတွက်မှုတွေကို ကွန်ဂရက်လွှတ်တော်မှာ လာမယ့်နှစ် ဇန်နဝါရီ ၆ ရက်နေ့ကျရင် အတည်ပြုမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ ထရမ့်ပ်က သမ္မတ၊ အထက်လွှတ်တော်အမတ် ဂျေဒီဗန့်စ်က ဒုတိယသမ္မတအဖြစ် ကျမ်းကျိန်ကြမှာ ဖြစ်ပါတယ်။
Source: Reuters