Home
ဆောင်းပါး
အပြောကောင်း၊ အဟောကောင်း သမ္မတလောင်း
DVB
·
November 10, 2024

အမေရိကန်မှာ သမ္မတလုပ်မယ့် လူတယောက်ရဲ့ အဓိကကျတဲ့ အရည်အချင်းတွေထဲမှာ အပြောကောင်း၊ အဟောကောင်း၊ မိမိပြောလိုရာကို ထိထိမိမိ၊ ချက်ကျလက်ကျ၊ အမူအရာ ဟန်ပန်ပါပါ ပွဲကျအောင် ပြောတတ်၊ ဟောတတ်တဲ့အရည်အချင်းလည်း ပါဝင်တယ်။

အမေရိကန် သမ္မတအားလုံး ဒီအရည်အချင်းနဲ့ ပြည့်စုံတာတွေ့ရတယ်။ အိုဘားမားကိုကြည့်မလား၊ ကလင်တန်ကိုကြည့်မလား၊ ဂျော့ဒဗလျူဘုရှ်ကိုကြည့်မလား၊ ရော်နယ်ရီဂင်ကို ကြည့်မလား။ ခု နောက်ဆုံးဒေါ်နယ်ထရမ့်ကိုပဲကြည့်မလား..။ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံကြတယ်။

ပါတီမူဝါဒ၊ ရပ်တည်ချက်တွေ အသာထားလို့ အမေရိကန်မှာ သမ္မတလုပ်မယ့်သူတဦးဟာ လူထုကို ကောင်းကောင်းစည်းရုံးဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိဖို့ လိုအပ်တယ်။ ဟောသမျှ ပြောသမျှအားလုံး အကောင်အထည် ပေါ်လာချင်မှ ပေါ်လာမှာဖြစ်ပေမဲ့ နားထောင်လိုက်ရတဲ့အခိုက် ဘဝင်ခိုက်စရာဖြစ်အောင် ဟောတတ်ပြောတတ်ကြသူတွေဖြစ်တာ တွေ့ရတယ်။

ခု တက်လာတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဒီအရည်အချင်းနဲ့ ပြည့်စုံသူတဦးလို့ ဆိုရမယ်။ ပွင့်ပွင့်လင်းလင်း၊ ဟောဟောဒိုင်းဒိုင်း၊ တုတ်ထိုးအိုးပေါက် ပြောတတ်ဆိုတတ်သူလို့ ဆိုရင် မမှားဘူး။ ခု ရွေးကောက်ပွဲရဲ့ ကနဦးပြိုင်ဘက်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ပါ။ ဂျိုးဘိုင်ဒင်က အသက် ၈၀ ကျော်ပါပြီ။ ကျန်းမာရေးက အသက်အရွယ်အရ ဒေါင်ဒေါင်မြည်မဟုတ်တော့ဘူး။ သူတို့နှစ်ဦး ပထမဦးဆုံး ပြုလုပ်တဲ့ debate မှာတင် ဘိုင်ဒင် ရှုံးခဲ့ပါတယ်။ ပြောတာ ဆိုတာတွေ တောရောက် တောင်ရောက် အိုးတိုးအမ်းတန်းဖြစ်နေချိန်မှာ ထရမ့်က ဒိုးခနဲ ဒေါက်ခနဲ ဖြေသွားခဲ့တယ်။

တကယ်ဆို အဲဒီ ပထမဆုံး debate ဟာ ထရမ့်ကို ရာဇဝတ်မှုနဲ့ တရားစွဲပြီး ပြစ်ဒဏ်ချထားချိန်ပါ။ ဒီလို ရာဇဝတ်စွဲချက် အတင်ခံထားရသူအတွက် အနည်းဆုံး guilty conscience အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ရှိနေနိုင်ပေမဲ့ ထရမ့်က သူ့မှာ လုံးဝအပြစ်မရှိကြောင်းနဲ့ သူ့ကို မလိုလားသူတွေက စွဲချက်တင်တာသာဖြစ်ကြောင်း တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ခဲ့တယ်။

ဒီ စကားရည်လုပွဲ debate ပြီးတော့ ဒီမိုကရက်တွေက ဒီသမ္မတလောင်းနဲ့တော့ မဖြစ်တန်ရာဘူးဆိုပြီး ဒု-သမ္မတ ကမ်မာလာ ဟားရစ် စင်ပေါ်ရောက်လာခဲ့ရတာပါ။

ထရမ့်ရဲ့ ဟောပြောမှုတွေမှာ အလွန်အကျွံတွေပါသလို အပြုအမူတွေကလည်း လူပြိန်းကြိုက် ဆန်လှတယ်။ ဆိုပါစို့ ဘိုင်ဒင်က ထရမ့်ထောက်ခံသူတွေဟာ အမှိုက်တွေပါလို့ ပြောလိုက်တာနဲ့ သူကိုယ်တိုင် မြူနီစပယ်ယူနီဖောင်းကြီး ဝတ်ပြီး ကျုပ်တို့ကိုတော့ ဘိုင်ဒင်က အမှိုက်တွေလို့ ပြောနေကြပြီ။ တပြည်လုံး သန့်ရှင်းရေးလုပ်ကြတာပေါ့လို့ မဲဆန္ဒရှင်တွေကို ဟောပြောစည်းရုံးခဲ့တယ်။

ထရမ့်က သူသာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရင် ယူကရိန်းစစ်ပွဲကို ချက်ချင်းရပ်တန့်သွားအောင် လုပ်နိုင်တယ်လို့ ပြောဆိုခဲ့တယ်။ ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ဖြစ်တယ်။

ဇလန်းစကီး အမေရိကန်လာတော့ ဘိုင်ဒင်အစိုးရနဲ့တွေ့တယ်။ ၂၀၂၄ စစ်အောင်နိုင်ရေး စီမံကိန်းကို ဇလန်းစကီးက တင်ပြတယ်။ ထရမ့်က စစ်ကြီးပြီးအောင် သူလုပ်နိုင်တယ်ဆိုတာ ယူကရိန်းအခြေအနေကို နားမလည်ဘဲ ပြောတာလို့ ဇလန်းစကီးက ဆိုတယ်။ ဒေါ်နယ်ထရမ့်က ဇလန်းစကီးတစ်ယောက် အမေရိကန်ကို လာလာပြီး ပိုက်ဆံတွေ ယူသွားတာကို သိပ်သဘောကျပုံမရဘူး။ ထရမ့်ပြောပုံကိုကြည့်..။

“Every time Zelensky comes to the United States he walks away with $100 billion, I think he’s the greatest salesman on Earth,”

“ဇလန်းစကီးဆိုတဲ့လူဟာ ကမ္ဘာပေါ်မှာ တကယ့်အရောင်းသမားကောင်းတယောက်ပါ။ သူ အမေရိကန်ကိုလာတိုင်း ဒေါ်လာ ဘီလီယံ ၁၀၀ ယူပြီး ပြန်ပြန်သွားတတ်တယ်။”

အမေရိကန်ဟာ ၂၀၂၂ ခုနှစ်ကစပြီး ယူကရိန်းစစ်ပွဲအတွက် ဒေါ်လာ ဘီလီယံ ၆၀ ထောက်ပံ့ထားပြီးဖြစ်တယ်လို့ သိရတယ်။ ထရမ့်က သူ သမ္မတဖြစ်တာနဲ့ ဒီစစ်ပွဲ ချက်ချင်း ရပ်အောင်လုပ်မယ်လို့ ဆိုထားတယ်။ဖြစ်နိုင် မဖြစ်နိုင်တာကိုတော့ စောင့်ကြည့်ရမယ်။ 

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ ရလဒ်ထွက်လာတော့ ချက်ချင်း ဂုဏ်ပြုစကားပြောကြသူတွေထဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ပါခဲ့တယ်။ ရုရှားသမ္မတ ပူတင် မပါဘူး။ ဒါပေမဲ့ မနေ့က ရုရှားနိုင်ငံ၊ ဆိုချီမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ဗလာဒီမာ ပူတင်က ထရမ့်ကို “သတ္တိကောင်းသူတဦး” လို့ ချီးကျူးလိုက်တယ်။

ထရမ့်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးဟောပြောပွဲ လုပ်ကြံခံရမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပူတင်က ထရမ့်ကို အတော်စိတ်ဝင်စားသွားတယ်လို့ ဆိုတယ်။ ဒီလုပ်ကြံခံရမှုမှာ ထရမ့်ဟာ လဲကျမလိုဖြစ်သွားရင်းက လက်သီးဆုပ်ထားတဲ့ လက်မောင်းတဖက် ထောင်ပြရင်း fight.. fight..fight လို့ ပြောသွားခဲ့တယ်။

ပူတင်ဟာ ဒီလုပ်ခံရမှုဖြစ်စဉ်မှာ ထရမ့်ရဲ့တုံ့ပြန်ပုံကို အတော်သဘောကျသွားတယ်။ “သူဟာ မှန်ကန်တဲ့ လုပ်ဆောင်ချက်နဲ့ သတ္တိရှိတဲ့ လူသားတဦးပါ”လို့ ပြောဆိုခဲ့တယ်။ ထရမ့်က ယူကရိန်းစစ်ပွဲပြီးဆုံးအောင် လုပ်မယ်ဆိုတာနဲ့ပတ်သက်လို့ ပူတင်က “စိတ်ဝင်စားတယ်” လို့ တုံ့ပြန်ခဲ့သလို ထရမ့်နဲ့ စကားပြောဖို့လည်း အသင့်ရှိနေပါတယ်လို့ ပြောဆိုခဲ့တယ်။ ထရမ့်ရဲ့ အပြောနဲ့ အလုပ် ညီမညီဆိုတာကတော့ စောင့်ကြည့်ရဦးမယ်။

ထရမ့်က စီးပွားရေးနယ်ပယ်က နိုင်ငံရေးထဲရောက်လာသူဖြစ်ပြီး အပြောကောင်း အဟောကောင်း သူလည်းဖြစ်တယ်။ ပထမသမ္မတသက်တမ်းမှာ ကမ္ဘာကျော်ခဲ့တဲ့ သူ့ရဲ့ ကြွေးကြော်သံက “Makes America Great Again” ပါ။ ကမ္ဘာ့အရေးနဲ့ ခပ်ခွာခွာနေပြီး အမေရိကန်အကျိုးစီးပွားကို အဓိကထားတဲ့ သူ့ရဲမူဝါဒကြောင့် အာဏာရှင်ခေါင်းဆောင်တွေနဲ့ ပလဲနံပသင့်သူဖြစ်တယ်။ သူ သမ္မတ ဖြစ်လာတဲ့အနေအထားမှာ တင်းမာနေတဲ့ကမ္ဘာကြီး အရှိန်လျှော့သွားနိုင်မလား။ စောင့်ကြည့်ရမယ်။ ရွေးကောက်ပွဲ ကမ်ပိန်းတွေမှာတော့ “တတိယကမ္ဘာစစ်ကြီး” ဖြစ်လာတော့မယ့်အရေးက သူ တားဆီးမယ်လို့ ပြောခဲ့တယ်။

ထရမ့်ရဲ့ ပထမသက်တမ်းမှာ မှတ်မှတ်ရရဖြစ်နေတာက မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ စင်ကာပူမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ကင်ဂျုံအန်းကို ထရမ့်ခေါ်လိုက်ပုံက “ရော့ကက်မင်း“ (Rocket man)တဲ့..။  ဒုံးပျံတွေချည်း ခဏခဏပစ်ပြီး ကမ္ဘာကို ခြိမ်းခြောက်ပြနေလို့ ကင်ဂျုံးအွန်ကို သူကအမည်ပေးခဲ့တာပါ။

CWM 

Ref: Putin hails ‘courageous’ Trump after election win. BBCWorld.

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024