Home
မြန်မာသတင်း
ဒေါ်နယ်ထရမ့်ပ် ရွေးကောက်ပွဲ အနိုင်ရမှု  မြန်မာ့အရေးအပေါ်  သက်ရောက်မှုရှိနိုင်မလား
DVB
·
November 7, 2024
Photo: Brian Snyder/Reuters

ဒေါ်နယ်ထရမ့်ပ် ရွေးကောက်ပွဲ အနိုင်ရတာဟာ မြန်မာ့အရေးအတွက် အကောင်းအဆိုးဒွန်တွဲနေပြီး တရုတ်နိုင်ငံရဲ့ ဖိအားကိုတုံ့ပြန်ရာမှာ အခွင့်အရေးကောင်းတွေရလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲအပြီးမှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ဟာ ဒီမိုကရက်သမ္မတလောင်း ကမ်မလာဟားရစ်ကို အနိုင်ရခဲ့တာပါ။

ဒါ့အပြင် ဆီးနိတ်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အသီးသီးက အမတ်နေရာအများစုကိုလည်း ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေက အနိုင်ရခဲ့တာကြောင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်လုံးမှာ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးသွားဖို့ရှိနေတာပါ။

ကိုဗစ်ရောဂါ ကပ်ဘေးအလွန် နိုင်ငံတကာ စစ်ရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေမှာ တရုတ်ရဲ့ ခြယ်လှယ်မှုတွေကို ထရမ့်ပ်က တုံ့ပြန်ဖို့ကြိုးစားမှာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲရလဒ်ဟာ အကောင်း အဆိုးဒွန်တွဲနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

Los Angeles Myanmar Movement စည်းရုံးရေးတာဝန်ခံ ဂျိမ်း(စ်)ရွှေက "ဒီလို House ရော ဆီးနိတ်ရော တပါတီတည်းဆိုလို့ရှိရင် သိပ်ရှားတယ်ဗျာ၊ အဲ့ဒီတော့ အပြန်အလှန် ထိန်းကျောင်းမှုကတော့ တော်တော်နည်းသွားမယ် ထင်တယ်။ သူ လုပ်ချင်တာ ပြီးတော့ သူ့ပါတီက လုပ်ချင်တာ လုပ်ချင်သလိုလုပ်လို့ ရနိုင်တဲ့အလားအလာရှိတယ်။ တရားစီရင်ရေးကလည်း သူတို့လူတွေချည်းပဲ ထည့်ထားတာဆိုတော့ ဒီလောက်ပါဝါများတဲ့ အစိုးရ ကျနော် တခါမှမတွေ့ဖူးဘူး ဒီမှာလေ။ ကျနော်တို့က ကြောက်တာ သူက အာဏာရှင်စနစ်ဘက်ကို နည်းနည်းယိမ်းယိုင်တော့ ကျနော်တို့ ဒီမိုကရေစီ ပျက်သွားမှာစိုးတယ်။ ဒါပေမဲ့ မြန်မာပြည်အတွက်ကျတော့ ထရမ့်ပ် ရီပတ်ဘလစ်ကန်တော့ မဟုတ်ဘူးပေါ့ဗျာ။ ရှေးသရောအခါက ရေဂင် ရီပတ်ဘလစ်ကန်ဖြစ်ခဲ့တဲ့ မစ်ချ်မကော်နယ်တို့ ဘာတို့က ကျနော်တို့ မြန်မာပြည်အရေးအတွက်ကြတော့ တော်တော်ထိထိရောက်ရောက် ကူညီနိုင်တယ်ဗျာ။ အဲဒါတော့ သဘောကျတယ်။ အခုဥစ္စာက ကောင်းတာလည်းရှိနိုင်တယ် အဆိုးလည်း ရှိနိုင်တယ်။ အခုက ဒွန်တွဲနေတယ်။ တရုတ်ပြည်ကို တုံ့ပြန်ဖို့ ကျနော်တို့ကို ခြယ်လှယ်ဖို့ ကြိုးစားတယ် ဘာတယ်ဆိုရင် ထရမ့်ပ်နဲ့ ရီပတ်ဘလစ်ကန်တွေက ပိုပြီးတော့ ရဲရဲဝံ့ဝံ့ ကူနိုင်မယ်လို့ ကျနော်တို့က ယူဆတယ်ဗျာ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရ တရုတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာစီမံကိန်းတွေမှာ အရေးပါနေတာကြောင့် တရုတ်အစိုးရက ခြယ်လှယ်နိုင်ဖို့ ကြိုးစားနေသလို တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို ထိန်းချင်တယ်ဆိုရင် မြန်မာ့အရေးဟာလည်း အမေရိကန်နိုင်ငံအတွက် အခြေအနေတခုအထိ အရေးပါနေဦးမယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။

ထရမ့်ပ်ထောက်ခံသူ ကိုအောင်သန်းက "တချို့က ပြောကြတယ်၊ ထရမ့်ပ်က မြန်မာပြည်အရေးကို ဒီလောက်အထိ နားမလည်ဘူးလို့လည်း ပြောကြတယ်။ အဲဒီနားမလည်ဘူး၊ လည်တယ်ဆိုတာ ကိုယ့်ရဲ့ အမြင်ပဲ ဖြစ်တယ်။ သူ့ရဲ့ဘေးနားမှာရှိတဲ့ အကြံပေးတွေ နောက်တခါ မြန်မာပြည်သားတွေထဲက ထဲထဲဝင်ဝင်နဲ့ အမေရိကန်အစိုးရကို အကြံပေးနိုင်တဲ့သူတွေ စာတမ်းတွေတင်ပြီးတော့ အီးမေးလ်တွေပို့နိုင်တဲ့သူတွေ။ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှု။ ရိုင်းစိုင်းမှုတွေကို သတ်ဖြတ်မှုတွေကို စနစ်တကျနဲ့ ထောက်ပြနိုင်တဲ့ မြန်မာနိုင်ငံသားတွေ ရှိပါတယ်။ ဒါတွေကို စနစ်တကျနဲ့လုပ်နေတဲ့ လူတန်းစားတွေ ဒီအမေရိကမှာ ရှိပါတယ်။ ဒီလို မြန်မာနိုင်ငံသားတွေနဲ့ အကြံဉာဏ်တွေယူပြီးတော့ မလုပ်ပေးနိုင်ဘူးလို့တော့ ဘယ်သူမှ ပြောလို့မရဘူး။ လုပ်ပေးနိုင်တဲ့ဥစ္စာတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကိုယ်ကလည်း ဘာမှ မဟုတ်တဲ့ ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်း အာမခံဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့နော်”လို့ ပြောပါတယ်။ 

ဒုတိယကမ္ဘာစစ်အလွန်ကာလကတည်းက အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ထိပ်သီးနိုင်ငံအဖြစ် နေရာယူခဲ့ပြီး နိုင်ငံတကာရေးရာတွေကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံရေး၊ စီးပွားရေးယိုင်နဲ့မှုတွေကိုထိန်းဖို့ ပြည်တွင်းရေးကိုပဲ ဦးစားပေးပြီး နိုင်ငံတကာရေးရာတွေကို လျစ်လျူရှုမယ့် ထရမ့်ပ်ရဲ့ မူဝါဒဟာ ထိပ်သီးနိုင်ငံအဖြစ် ရပ်တည်နေတဲ့ အမေရိကန်ပြည်ထောင်စုအပေါ် မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်နေတာပါ။

Myanmar Policy Institute မှ ရိုစလင်းဇာဟောင်က "US ဆိုတာ တခြားနိုင်ငံလို မဟုတ်ဘူးပေါ့နော်။ သေးတဲ့နိုင်ငံတနိုင်ငံကနေ ဒီနှစ်ကနေစပြီးတော့ ဒါမှမဟုတ် ဒီရွေးကောက်ပွဲကနေစပြီးတော့ ကျနော်တို့ နိုင်ငံတကာအရေးတွေမှာလည်း အာရုံမစိုက်တော့ဘူး။ ကျနော်တို့ နိုင်ငံအရေးကိုပဲ နံပါတ် ၁ အနေနဲ့ထားမယ်လို့ ပြောရင် သိပ်ပြဿနာမရှိဘူး။ ဒါပေမဲ့ US ဆိုတာ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတကာဥပဒေပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်း၊ ဘဏ္ဍာရေးပိုင်းမှာပဲဖြစ်ဖြစ် သူက အရေးကြီးတဲ့နေရာတွေကို ယူထားတဲ့နိုင်ငံ ဖြစ်တယ်။ ပိုက်ဆံထည့်ရမယ်ဆိုလည်း သူ ပိုက်ဆံအမြဲတမ်းထည့်ခဲ့တယ်။ ပြောချင်တာ လုပ်ရမယ့်အပိုင်းမှာလည်း သူ တာဝန်ကျေတယ်။ ပါဝါယူရမယ့်အပိုင်းမှာလည်း သူ ပါဝါအများကြီးယူခဲ့တယ်။ အခုအချိန်ကျမှ US ကိုပဲ ကျနော်တို့ နံပါတ် ၁ အနေနဲ့ ထားမယ်၊ တခြားနိုင်ငံအရေး၊ နိုင်ငံတကာအရေးကို အာရုံမစိုက်တော့ဘူးလို့ ပြောလို့ရတဲ့နိုင်ငံ မဟုတ်ဘူး။ ထရမ့်ပ်ဘက်ကတော့ သူက US ကိုပဲ အမြဲတမ်း နံပါတ် ၁ ထားချင်တဲ့ပုံစံမျိုးနဲ့ ပေါ်လစီကို အမြဲတမ်းချပြတယ်ပေါ့။ အမြဲတမ်း အရေးပါတဲ့နေရာတွေယူထားတဲ့ နိုင်ငံအနေနဲ့ကတော့ နိုင်ငံတကာရဲ့ လိုအပ်ချက်တွေ ရန်ပုံငွေထည့်ရမယ့် အပိုင်းတွေကိုလည်း သူ လျစ်လျူရှုထားလို့ မရဘူးပေါ့နော်။ ပြီးတော့ နောက်တခု ကျမ စိုးရိမ်တာက တရုတ်နဲ့ US က Trade War နဲ့ ရန်ဖြစ်မယ်ဆိုရင်လည်း ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုက လှုပ်ခတ်မှုတော့ရှိမှာပဲ။ အဲဒါလည်း ကောင်းတယ်လို့တော့ မမြင်ဘူး”လို့ ပြောပါတယ်။

ထရမ့်ပ် သမ္မတဖြစ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်ကာလတုန်းက ဦးတည်ခဲ့တဲ့ မူဝါဒတွေကို ပြန်ကြည့်မယ်ဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှာ အမေရိကန်အစိုးရက ငွေကြေး ထောက်ပံ့ထားတာတွေကို အကုန်ဖြတ်ချခဲ့တာ၊ အမေရိက ပြည်တွင်းရေးကို ဦးစားပေးပြီး ကမ္ဘာ့နံပတ် ၁ အဖြစ် ဆက်လက်ရပ်တည်ရေး ပေါ်လစီကို ကျင့်သုံးခဲ့တာတွေဟာ သူ့ရဲ့ နိုင်ငံတကာအရေးအပေါ် လျစ်လျူရှုမှုတွေအဖြစ် ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ 

လက်ရှိ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ပတ်သက်တဲ့ Project 2025 ပေါ်လစီဟာ ထရမ့်ပ် သမ္မတဖြစ်ခဲ့တုန်းက မူဝါဒနဲ့ အများကြီး ပြောင်းလဲမှုမရှိနိုင်ဘူးလို့ လေ့လာသူတွေက ယူဆနေကြပါတယ်။

ထရမ့်ပ် အနိုင်ရခဲ့ရင် မြန်မာနိုင်ငံ အပါအဝင် အမေရိကန်အစိုးရရဲ့ အကူအညီ အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံတွေအတွက် အကူအညီရနိုင်ခြေဟာ လက်ရှိ အခြေအနေထက် အများကြီးလျော့နည်းသွားနိုင်တယ်လို့  လေ့လာသူတွေက ခန့်မှန်းပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013