Home
မြန်မာသတင်း
ရန်ကုန်တွင် YBS 18 ပြန်လည်ပြေးဆွဲမည်
DVB
·
November 14, 2024

ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံးမြို့နယ်တွေကို ချိတ်ဆက်ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေထဲ ရပ်နားထားခဲ့တဲ့ YBS 18 ယာဉ်လိုင်းကို နိုဝင်ဘာ ၂၇ ရက်ကစလို့ လမ်းကြောင်းတိုးချဲ့ပြီး စီးတီးဘတ်စ်ကားကြီးတွေနဲ့ အစားထိုးပြေးဆွဲမယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ 

မရပ်နားခင်အချိန်က YBS 18 တွေဟာ လူ ၅၀ လောက်သာဆံ့တဲ့ မီနီဘတ်စ်‌တွေနဲ့ မင်္ဂလာဒုံမြို့နယ်၊ ဘိုခြံလမ်းဂိတ်ကနေ တာမွေမြို့နယ်အထိသာ ပြေးဆွဲနိုင်ခဲ့ပြီး ၂၀၂၄ မတ်လလောက်မှာ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

YBS 18 ယာဉ်လိုင်းလမ်းကြောင်းအသစ်မှာ ဂိတ်ရင်းကို လှော်ကားလမ်းခွဲအထိ ရွှေ့လိုက်ပြီး လူ ၁၅၀ လောက်ဆံ့တဲ့ ကားကြီးတွေနဲ့ ဂိတ်ဖျားဖြစ်တဲ့ တောင်ဒဂုံမြို့နယ်၊ အမျိုးသား ယဉ်ကျေးမှုတက္ကသိုလ်အထိ တိုးချဲ့ပြေးဆွဲမှာ ဖြစ်ပါတယ်။

ယာဉ်လိုင်းနဲ့နီးစပ်သူတဦးက “အခုကားတွေမှာ စီစီတီဗွီ၊ YPS Pay (ငွေပေးချေကတ်)တွေပါမယ်။ ကားတွေက စီးတီးဘတ်စ်တွေပါ။ စဆွဲရင် အစီး ၃၀ နဲ့ ဆွဲမှာ။ မနက်ရုံးတက်ချိန်ဆို။ တစီးကို ၄ မိနစ်ခြားလွှတ်ဖို့ စီစဉ်ထားပါတယ်။ ဂိတ်ရင်းက မနက် ၅ နာရီ ကားစလွှတ်မှာ ည ၉ နာရီ၊ ၉ ခွဲလောက် ဂိတ်သိမ်းမှာပါ။ ပထမအကြိမ်တုန်းက ကားလည်း သေးတယ်။  နားထားလိုက်တာ ၈ လလောက်ကြာခဲ့တယ်”လို့ ဆိုပါတယ်။

မြို့နယ် ၅ ခုကို ဖြတ်သန်းမယ့် လမ်းကြောင်းတွေအဖြစ် (ဂိတ်ရင်း)လှော်ကားလမ်းခွဲ - ထောက်ကြံလမ်းဆုံ- ဝါယာလက် - မင်္ဂလာဒုံ - ခရေပင်လမ်းခွဲ- အမှတ်(၃)လမ်းဆုံ -  အောင်မင်္ဂလာ(အဝေးပြေး)-(၆)ကွေ့ - သုဓမ္မာလမ်း - မြောက်ဥက္ကလာပအဝိုင်း-ဘေလီ - စံပြဈေး - တောင်မြောက်လမ်းဆုံ- ယဉ်ကျေးမှုတက္ကသိုလ်- (ဂိတ်ဖျား)လို့ သိရပါတယ်။ 

YBS အသုံးပြုသူတဦးက “YBS 18 အရင်ကတော့ မစီးဖူးဘူး။ တောင်ဒဂုံဘက်က‌နေ ထောက်ကြန့်ဘက်သွားရင် စံပြဈေးကနေ ၂ ဆင့်စီးရတယ်။ အခုတဆင့်တည်းဆိုတော့ အဆင်ပြေမယ် ထင်တယ်။ ခါးပိုက်နှိုက် မပါရင်တော့ ပိုကောင်းတယ်”လို့ ဆိုပါတယ်။

YBS 18 ဟာ အရပ်သားအစိုးရလက်ထက် YBS စနစ်ပေါ်ပေါက်လာကတည်းက ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလက်အောက်ခံ ယာဉ်လိုင်း ၁၁ လိုင်းထဲက ၁ လိုင်းလည်းဖြစ်ပါတယ်။

၂၀၂၄ နိုဝင်ဘာ ၁၂ ရက်နေ့ စာရင်းအရ ရန်ကုန်မြို့ပေါ်မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်း ရှိပြီး ယာဉ်အစီးရေ ၃၆၀၉ စီးနဲ့ ခရီးသည်အရေအတွက် ၁ ဒသမ ၄ သန်းကျော်ရှိတယ်လို့ YRTC က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013