ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ သာယာကုန်းရွာအနီးမှာ နိုဝင်ဘာ ၁၂ ရက်၊ ညနေ ၃ နာရီခွဲလောက်က ဆီသယ်ယာဉ်တစီး တိမ်းမှောက်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးကူညီရေးအဖွဲ့တွေက ပြောပါတယ်။
လောင်စာဆီ ၇၉၀၀ ဂါလန်ဆံ့ ဆီဘောက်ဆာကားဟာ ရန်ကုန်ကနေ တောင်ကြီးမြို့နယ်ကို မောင်းနှင်လာတာဖြစ်ပြီး လမ်းဟောင်း မိုင်တိုင်အမှတ် ၉၄/၂ ဖာလုံနဲ့ ၃ ဖာလုံကြားမှာ ကား ညာဘက် တိမ်းမှောက် မီးလောင်သွားခဲ့တာပါ။
မီးသတ်တပ်ဖွဲ့ဝင်တဦးက “ရန်ကုန်မှ တောင်ကြီး ထွက်ခွာတဲ့ ဆီသယ်ယာဉ်ပါ။ လောလောဆယ် အသေးစိတ် စိစစ်နေပါတယ်။ ပျက်စီးတန်ဖိုးက စစ်နေတုန်းပါ။ ယာဉ်မောင်းခုံဘက်က အမျိုးသားတဦး သေဆုံး၊ ကျန်တဦး ဒဏ်ရာရ။ ဂါလန် ၇၉၀၀” လို့ ပြောပါတယ်။
ယာဉ်တိမ်းမှောက် မီးလောင်မှုကြောင့် ဆီဘောက်ဆာ ကားတစီးလုံး မီးလောင် ပျက်စီးသွားခဲ့သလို ကားစတီယာတိုင်ဘက်ခြမ်းက အမျိုးသား ၁ ဦးမှာ ကားထဲ ညပ်နေတာကြောင့် မီးလောင်သေဆုံးသွားပြီး ကျန်တဦးမှာ မီးလောင် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
မီးလောင်မှုနေရာကို ကျောက်တံခါး၊ ညောင်လေးပင်၊ ပိန်းဇလုပ်၊ ပြွန်တန်ဆာ၊ ဖဒိုမီးသတ်တို့က မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၅ စီးနဲ့အတူ လူမှုကူညီရေးအသင်းတွေ လာရောက်ကူညီကယ်ဆယ် ငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်မှုကို ၁ နာရီကျော်ကြာ ညနေ ၄ နာရီခွဲကျော်အထိ ငြှိမ်းသတ်ခဲ့ရပြီး မီးကျွမ်းထားတဲ့ ရုပ်အလောင်းတခုကို မြို့နယ်လူမှုကူညီရေးအသင်းယာဉ်နဲ့ ကျောက်တံခါးဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။