Home
မြန်မာသတင်း
ရွာငံလမ်းပိုင်း၌ ကထိန်ပွဲမှ ပြန်လာသည့်ကား ချောက်ထဲထိုးကျပြီး ခရီးသည် ၇ ဦး သေဆုံး
DVB
·
October 29, 2024
Photo - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံလမ်းပိုင်းမှာ အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီလောက်က ကထိန်ခင်းပြီး ပြန်လာတဲ့ယာဥ်တစီးဟာ ပေ ၃၅၀ အနက် ချောက်ထဲ ထိုးကျသွားတာကြောင့် မော်တော်ယာဥ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် ၇ ယောက် သေဆုံးသွားသလို ဒဏ်ရာရရှိသူတွေလည်း များပြားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း) ရဲ့ တာ၀န်ရှိသူတယောက်က “သတင်းရရချင်း သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပါတယ်။ ကားက ပေ ၃၅၀ နီးပါးရှိတဲ့ ချောက်ထဲထိုးကျသွားခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါမော်တော်ယာဥ်ဟာ ၆ ဘီး မီနီဘတ်စ်ယာဥ်အမျိုးအစားဖြစ်ကာ ရန်ကုန်မြို့ကနေ စခန်းကြီး အတက်အနီးက ဟဲဟိုးမှာ ကထိန်ခင်းပြီးပြန်လာစဥ် ချောက်ထဲ ထိုးကျသွားတာပါ။

ကယ်ဆယ်ရေးမှာပါ၀င်ခဲ့သူ တယောက်က “ကားပေါ်မှာ ခရီးသည် ၂၈ ယောက်ပါတယ်။ ကားထဲမှာ သေဆုံးသွားတာ ၇ ယောက်ပါ။ ၇ ယောက်ကလည်း အပြင်းအထန်ဒဏ်ရာတွေရကြလို့ စိုးရိမ်ရတဲ့အခြေအနေပါ။ နောက်ထပ် ဒဏ်ရာရတဲ့ ၁၀ ယောက်လောက်ကတော့ မစိုးရိမ်ရပါဘူး။ သူတို့အားလုံးကို အနီးစပ်ဆုံး ဆေးရုံတွေကို့ ပို့ဆောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

သေဆုံးသွားကြသူတွေရဲ့ နေရပ်လိပ်စာနဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုတော့ မေးမြန်းနေဆဲ ဖြစ်ပါတယ်။

မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိသူ အမျိုးသမီး တယောက်က “ကျမတို့ ကထိန်ခင်းပြီး ပြန်လာကြတော့ ကားကလေ တောင်အဆင်းလမ်းမှာ အရှိန်မထိန်းနိုင်တော့ဘဲ အရှိန်လွန်ပြီးလမ်းဘေးက ချောက်ထဲ ထိုးဆင်းကျသွားတာ။ ကမ္ဘာပျက်သလိုပါပဲ။ အဲဒီလို ကျသွားတော့ အပြင်ကို လွင့်စဉ်ထွက်သူတွေလည်း ရှိတယ်။ ကျမတောင် ခုံ​ကြားလျှော၀င်ပြီး ခုံကို ကိုင်ထားလို့ သက်သာတာရှင်။ ကျမခုံရဲ့ ရှေ့နဲ့နောက်က သူတွေတော့ ဆုံးသွားကြတယ်။ စိတ်မကောင်းဘူး။ ယာဥ်မောင်းရဲ့ အတွေ့အကြုံ နည်းတာလည်း ပါတာပေါ့” လို့ ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလပ်ငန်းတွေကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွာငံ)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မြို့ကြီး/ဆည်ရွာ)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဟံမြင့်မိုရ်)၊ ရွာငံမြို့နယ်မီးသတ်တပ်ဖွဲ့ ၀င်တွေအပါအ၀င် ဒေသခံပရဟိတ လူမှုကူညီရေး အသင်းတွေ ပူးပေါင်းကူညီခဲ့တာလို့ သိရပါတယ်။

အဆိုပါလမ်းပိုင်းပေါ်မှာ ပြီးခဲ့တဲ့မတ်လကလည်း အိမ်စီးကားတစီး တိမ်းမှောက်လို့ ယာဥ်ပေါ် လိုက်ပါလာသူ ၆ ယောက် သေဆုံးခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024