ရန်ကုန်၊ ထန်းတပင်မြို့နယ်၊ ပုသိမ်- ရန်ကုန်ကားလမ်းမ၊ ၁၄ မိုင် ၅ ဖာလုံမှာ ဇူလိုင် ၃၀ ရက် မနက် ၇ နာရီ ၁၅ မိနစ်လောက်က ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ လူ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။
အဲ့ဒီမနက်ပိုင်းက လှိုင်သာယာ ဒဂုံဧရာကားကွင်းကနေ ဧရာဝတီတိုင်းဘက်ကို ထွက်ခွာလာတဲ့လူ ၁၈ ဦးပါ ပြုံးပန်းတရာယာဉ်လိုင်းကားဟာ မျက်နှာချင်းဆိုင်မောင်းလာတဲ့ ဝါးသယ်ယာဉ်ကို ရှောင်လိုက်ရာမှ လမ်းဘေးထိုးကျ မှောက်သွားခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “လှိုင်သာယာ မရောက်ခင်မှာ ဖြစ်တာ။ အထောင်- ရှားတောဘက် ပြေးတဲ့ကားပါ။ ဖြစ်တာက ကွေ့ကြောနားမှာ။ အဓိက မိန်းကလေးတွေ အထိများတယ်။ ဒရိုင်ဘာကတော့ ကားပိပြီး ညှပ်နေတယ်။ ထိခိုက်မှု များတယ်”လို့ ပြောပါတယ်။
ခရီးသည်တင်ယာဉ်မောင်းသမားဟာ ကားအောက်ထဲ ညှပ်နေသလို ကားပေါ်ပါ ခရီးသည်တွေအနက် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးမှာ သေဆုံးသွားပြီး နောက်ထပ် အမျိုးသမီး ၄ ဦးမှာ ထိခိုက်ဒဏ်ရာတွေ ရရှိထားပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို မြောက်ပိုင်းခရိုင်နဲ့ ထန်းတပင်မီးသတ်၊ လှိုင်သာယာကွန်ရက်အတွင်းရှိ လူမှုကူညီရေးအသင်းတွေက လာရောက်ကယ်ဆယ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးရုပ်အလောင်းတွေကို လှိုင်သာယာမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးထားကြပါတယ်။