မြောက်ကိုရီးယားဟာ ဇွန်လတုန်းက နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ ရုရှားနဲ့ အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်ကို အတည်ပြုခဲ့ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြား KRT က နိုဝင်ဘာ ၁၂ ရက်မှာပြောပါတယ်။
အဲဒီစာချုပ်ထဲမှာ လက်နက်ကိုင် တိုက်ခိုက်မှုဖြစ်လာရင် တနိုင်ငံနဲ့ တနိုင်ငံ အပြန်အလှန် အကူအညီတွေ ပေးကြဖို့ နှစ်ဖက်စလုံးက တောင်းဆိုထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ဟာ နိုဝင်ဘာ ၁၁ ရက်မှာ သဘောတူစာချုပ်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း KRT က ပြောကြားပြီး နှစ်ဖက်သဘောတူစာချုပ်တွေ လဲလှယ်တဲ့အခါ အကျိုးသက်ရောက်မှုရှိမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း သဘောတူစာချုပ်ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီစာချုပ်ဟာ နိုင်ငံတခုခုမှာ စစ်ပွဲဖြစ်နေရင် နှစ်နိုင်ငံစလုံးဟာ “ရရှိနိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး စစ်ရေးနဲ့ တခြားအကူအညီတွေကို ချက်ချင်း ပေးသင့်တယ်"လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ထောင်သောင်းချီတဲ့ သူ့တပ်ဖွဲ့ဝင်တွေကို ရုရှားနဲ့ တိုက်ခိုက်နေတဲ့ ယူကရိန်းစစ်ပွဲဆီ စေလွှတ်ခဲ့တာကြောင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မှုအပေါ် နိုင်ငံတကာက ဝေဖန်မှုတွေအကြားမှာ ဒီအစီရင်ခံချက် ထွက်ပေါ်လာခဲ့တာပါ။
ကင်မ်ဂျုံအန်း ဟာ ဇွန်လမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ ပူတင်နဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ‘မဟာမိတ်’အဆင့်အဖြစ် မြှင့်တင်မယ့် ခြေလှမ်းတရပ်အဖြစ် ကြွေးကြော်ထားပါတယ်။
Source: Reuters