ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်ရှိ လန်ဆယ်ရွာကို နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ KIA နဲ့ K-PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လန်ဆယ်ရွာကို နိုဝင်ဘာ ၉ ရက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းလိုက်နိုင်ပြီလို့ KIA ရှေ့တန်းနဲ့ နီးစပ်သူက ပြောပါတယ်။
KIA တပ်ဖွဲ့ဝင်တယောက်က “လန်ဆယ်က ကန်းဖန့်၊ ဖီမော အဲဒီဘက် ဟုတ်တယ်။ နိုဝင်ဘာ ၉ ရက်နေ့ညကတည်းက သိမ်းမယ်ပြောနေတာ။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီကျော်လောက်က သိမ်းလိုက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့က လက်နက်တွေအကုန်လုံး ယူသွားပြီး ခေါင်လန်ဖူးဘက် တက်သွားကာ ရဝမ်ပြည်သူ့စစ်တွေနဲ့ ပေါင်းသွားတဲ့အကြောင်းနဲ့ လန်ဆယ် စစ်တပ်စခန်း ဖြိုတာမှာ သေနတ်တလက်နဲ့ မကျန်းမာလို့ထားခဲ့တဲ့ လူတယောက်ပဲရတယ်လို့ ဆိုပါတယ်။
ခေါင်လန်ဖူး ဌာနေ(ရဝမ်) ပြည်သူ့စစ်နယ်မြေဖြစ်ပြီး ဦးဇခုန်တိန့်ယိမ်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်တွေပါ လှုပ်ရှားသွားလာတဲ့နယ်မြေ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကချင်အထူးဒေသ ၁ နယ်မြေမှာ ကံပိုက်တည်မြို့ တမြို့သာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပန်ဝါမြို့၊ ဆော့လော်မြို့၊ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ပင်မစခန်း၊ ကချင်အထူးဒေသ ၁ ရဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁၊ ၁၀၀၂ နဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ် စခန်းအားလုံးကိုလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။