တရုတ်ကနေ ပြန်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒုစစ်ခေါင်းဆောင်က မကြိုမနေရ အမိန့်ထုတ်ထားတဲ့အတွက် နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ လာရောက် ကြိုဆိုသူများတယ်လို့ ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။
စစ်ကောင်စီတပ်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်း၊ တပ်ထောက်ခံသူ၊ အနုပညာရှင်တွေအပြင် ကျောင်းသား ကျောင်းသူတွေပါမကျန် အေလာလေဆိပ်မှာ ဒီနေ့မနက် သွားကြိုရတာလို့ အမည်မဖော်လိုသူ ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
"ပညာရေးက ကလေးတွေပါခေါ်ပြီးသွားကြိုရတာ။ ဝန်ကြီးဌာနက တောင်းတဲ့စာရင်းအတိုင်း လူပေးရတာ။ ထွေအုပ်ဆို ဘယ်နှယောက်၊ လဝကဆိုဘယ်နှယောက်၊ စိုက်ပျိုးရေးဘယ်နှယောက်၊ အဲဒါကြောင့် လူများတာ။”
"လူထုကကြိုဆိုချင်ရင် ပြန်လာမယ်သတင်းကြားတာနဲ့ ဘယ်သူမှဖိတ်စရာမလိုဘူး၊ ကိုယ့် သဘောနဲ့ကိုယ်သွားကြိုမှာ။ အခုက မလာမနေရ အမိန့်နဲ့သွားကြရတာ။ လူထုကြိုဆိုတဲ့ ခရီးဆိုလို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဥ်ပဲ မြင်ဖူးတယ်။”
တရုတ်သွားတဲ့နေ့က အေလာလေဆိပ်မှာ ဗုံးပေါက်ခဲ့လို့ စစ်ကောင်စီတပ်က မြေပြင်နဲ့ဝေဟင်မှာပါ ရဟတ်ယာဥ်တွေနဲ့ကင်းလှည့်တာတွေလည်း ရှိပါတယ်။
တရုတ်နိုင်ငံရဲ့ဖိတ်ကြားချက်ကြောင့် နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့မှာပြုလုပ်တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးနဲ့အခြားအစည်းအဝေးတွေ စစ်ခေါင်းဆောင်က တက်ရောက်ခဲ့တာဖြစ်ပါတယ်။