Home
မြန်မာသတင်း
စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ကို အမေရိကန်ရောက်မြန်မာများ ဆန္ဒပြ၊ တရုတ်ထုတ်ကုန် အသုံးမပြုရန် တိုက်တွန်း 
DVB
·
November 10, 2024

စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတဲ့သဘော သက်ရောက်နေတဲ့အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ဒေသစံတော်ချိန် နိုဝင်ဘာ ၉ ရက်က အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

နိုဝင်ဘာ ၅ ရက်နေ့မှာစတင်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး တရုတ်နိုင်ငံက မြန်မာ့အရေးမှာ တော်လှန်ရေးဘက်ကမရပ်ဘဲ စစ်ကောင်စီကို နောက်ကွယ်ကနေ ထောက်ပံ့နေတယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ဝေဖန်ပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်အေးက “မြေပြင်မှာ မင်းအောင်လှိုင်ရဲ့ မတရားကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ပိုကျူးလွန်ဖို့ အားပေးလိုက်တဲ့ အပြုအမူဖြစ်တဲ့အတွက်ကြောင့် ထပ်ပြီးကျူးလွန်လာတဲ့ မတရားမှုတွေ၊ လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအားလုံးဟာ တရုတ်မှာလည်း တာဝန်ရှိသွားတယ်လို့ ကျနော်တို့အနေနဲ့ ပြောချင်တယ်” လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတကာရောက် မြန်မာတွေအားလုံး တရုတ်ထုတ်ကုန်ပစ္စည်းကို အသုံးမပြုဘဲ ဆန့်ကျင်ကြဖို့ ဆန္ဒပြပွဲဦးဆောင်သူတွေက တိုက်တွန်းပါတယ်။ 

အမေရိကန်နိုင်ငံ ရွေးကောက်ပွဲမှာ  လတ်တလော အနိုင်ရထားတဲ့ ဒေါ်နယ်ထရမ့်ကလည်း တရုတ်ရဲ့ ကုန်ပစ္စည်းတွေကို အခွန်တိုးမြှင့်ကောက်ခံဖို့၊ ကုန်သွယ်ရေးကိုထိန်းဖို့၊ တရုတ်နိုင်ငံထဲကို ရောက်နေတဲ့ အမေရိကန်လုပ်ငန်းတွေကို ပြည်တွင်းကိုပြန်ခေါ်ဖို့ စိတ်ကူးရှိနေတာပါ။ ဒီအစီအစဉ်တကယ်ဖြစ်လာရင် စီးပွားရေးအပြောင်းအလဲလှိုင်းမှာ နိုင်ငံတကာရောက် မြန်မာတွေက တရုတ်ကုန်ပစ္စည်း အသုံးမပြုဖို့ စည်းရုံးဆန့်ကျင်သပိတ်မှောက်တဲ့နည်းလမ်းဟာ အတိုင်းအတာတခု သက်ရောက်မှုရှိလာနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူ နိုင်ကျဉ်းဟောင်း ဦးလွင်ဇော်က ပြောပါတယ်။

“No Made In China ဆိုတာက၊ တရုတ်ကုန်ပစ္စည်းဆိုတာက ဘယ်မှာမှကင်းတာမဟုတ်ဘူးဗျာ။ နေရာတိုင်းမှာရှိတယ်။ ဒါပေမဲ့ လူသုံးကုန်ပစ္စည်းတွေ၊ Software အင်တာနက်ပစ္စည်းတွေ၊ တခြားပစ္စည်းတွေကို ကျနော်တို့ အများကြီးသပိတ်မှောက်လို့ရပါတယ်။ စားသောက်ကုန်တွေ မှောက်လို့ မရရင်တောင်မှပဲ အများကြီးသပိတ်မှောက်လို့ရတယ်။ No made in China to support the terrorists, to support the Killers အဲဒီလိုဖြစ်ရမယ် ကျနော်တို့က။"

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာစုက “Stop buying the China Products ပေါ့။ တရုတ်ကုန်ပစ္စည်းတွေ မဝယ်ဖို့ဆိုတဲ့ ကမ်ပိန်းလေး ကမ္ဘာတဝန်းလုံးမှာရှိတဲ့ မြန်မာတွေက အစပြုပြီးတော့ လုပ်ဆောင်စေချင်ပါတယ်။ အဲဒီတော့ အားလုံးလည်း ပူးပေါင်းပြီးတာ့ ပါဝင်စေချင်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာရှတဲ့ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်စေချင်ပါတယ်။ No made in China, Boycott China ပေါ့နော်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ GMS ထိပ်သီးဆွေးနွေးပွဲ၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး သေနင်္ဂဗျူဟာ ACMECS အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတာပါ။ 

ခရီးစဉ်အတွင်းမှာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ ယူနန်ပြည်နယ် အဆင့်မြင့်အရာရှိတွေကို တွေ့ဆုံခွင့်ရခဲ့ပြီး တရုတ်အစိုးရဘက်က စစ်ကောင်စီကို တစုံတရာအသိအမှတ်ပြုတဲ့သဘော သက်ရောက်ခဲ့ပါတယ်။ 

မဟာမဲခေါင်ဒေသခွဲ GMS ဆိုတာကတော့ မဲခေါင်မြစ်ဝှမ်းတည်ရှိရာ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံ ၆ ခုကို စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024