နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး နောက် ပထမဆုံးအကြိမ် ၄ ပွဲဆက်တိုက် ရှုံးပွဲတွေ့နေတယ်။
မန်စီးတီးအသင်းဟာ ဘရိုက်တန်နဲ့ပွဲမှာ တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်း ပွဲချိန် ၇၈ မိနစ်နဲ့ ၈၃ မိနစ်တွေမှာ ဘရိုက်တန်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းပြီး နိုင်ပွဲယူသွားခဲ့တာပါ။
၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၄ ပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်သလို နည်းပြဂွါဒီယိုလာ ကိုင်တွယ်တဲ့အသင်းတသင်းအနေနဲ့ ပထမဆုံးအကြိမ် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လိဂ်ဖလားမှာ စပါးအသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက် ဘုန်းမောက်၊ စပို့တင်းလစ္စဘွန်းနဲ့ ဘရိုက်တန်အသင်းတွေကို ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။