သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်း ဦးဆောင်ပါဝင်ပြီး ဒါရိုက်တာစောအေးထူး စီစဉ်တင်ဆက်တဲ့ ‘ဖြတ်’ ရုပ်ရှင် ကမ္ဘာလုံးဆိုင်ရာ ပွဲဦးထွက်ပြပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြသခဲ့ပြီး တော်လှန်ရေးအတွက် စုစုပေါင်းရန်ပုံငွေ ဒေါ်လာ ၂၉,၀၀၀ ကျော် ရရှိခဲ့ပါတယ်။
ရုပ်ရှင်ပြပွဲကို Helping Hands for Burma- H2B က စီစဉ်ပေးတာဖြစ်ပြီး အလုပ်မအားတဲ့သူတွေပါ လာကြည့်လို့ရအောင် ပွဲစဉ် ၂ ချိန်ခွဲ ပြသခဲ့သလို အမေရိကန်ရောက် မြန်မာ ၃၀၀ နီးပါး တက်ရောက်အားပေးခဲ့ကြပါတယ်။
အဲဒီပြပွဲမှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေ၊ ရန်ပုံငွေအတွက် လေလံပစ္စည်းတွေနဲ့ မြန်မာ့ရိုးရာ အစားအစာတွေကို ရောင်းချပြီး ရန်ပုံငွေရှာဖွေခဲ့တာပါ။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက “ဒီအထိ ၄ နှစ် နီးပါးအထိ ရောက်လာတာက အနုပညာရှင်တွေက ရှေ့တန်းကပါဝင်ပြီးတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ရှေ့ဆုံးကထွက်လာပြီး ကျနော်တို့ကို ဆွဲခေါ်လာလိုက်တာ၊ အဲဒီကတည်းက ကျနော် ကျေးဇူးတင်ရှိခဲ့သလို ခုလည်းတောက်လျှောက် ကိုယ်တတ်စွမ်းနိုင်တဲ့ အနုပညာအားနဲ့ လူတွေရဲ့စိတ်ကို တွန်းအားပေးနေတဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ ပြောပါတယ်။
‘ဖြတ်’ ရုပ်ရှင်မှာ တိုက်ပွဲဝင်နေတဲ့ မြေပြင် PDF ရဲဘော်တွေလည်း ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရုင်ပွဲအပြီးမှာ အကယ်ဒမီမင်းမော်ကွန်း၊ သရုပ်ဆောင် အောင်မြင့်မြတ်၊ ကိုထက်မြတ်၊ ကိုအိုင်းဇက်တို့က အွန်လိုင်းကနေတဆင့် ပရိသတ်တွေကို ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။
‘ဖြတ်’ ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးနဲ့ နိုင်ငံတကာမှာ ဆက်လက် ပြသသွားမှာဖြစ်ပြီး ရလာတဲ့ရန်ပုံငွေအားလုံးကို မြန်မာပြည်က လိုအပ်တဲ့နေရာတွေကို တိုက်ရိုက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။