Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များ အမေရိကန်သို့ ရွှေ့ပြောင်းအခြေချနေထိုင်မှုအစီအစဉ်ကို ဒေါ်နယ်ထရမ့်ပ် ပယ်ဖျက်နိုင်
DVB
·
November 9, 2024
Photo-TBC

ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပ်အနိုင်ရသွားပြီးနောက် ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ မြန်မာဒုက္ခသည်တွေ အမေရိကန်ကို ရွှေ့ပြောင်း အခြေချနေထိုင်ရေးဆိုင်ရာအစီအစဉ် ပယ်ဖျက်သွားနိုင်တယ်လို့ လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်တဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ရွှေ့ပြောင်းအခြေချ နေထိုင်ရေးဆိုင်ရာ အစီအစဉ်မှာ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မြန်မာဒုက္ခသည် ၆၀,၀၀၀ ဝန်းကျင်ကို တတိယနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ အမြဲတမ်း အခြေချနေထိုင်သူအဖြစ် ပြန်လည်နေရာချထားသွားဖို့ ရည်မှန်းထားတာဖြစ်ပြီး ဒီမိုကရက်တစ်ပါတီဦးဆောင်တဲ့ လက်ရှိအမေရိကန်အစိုးရနဲ့ ထိုင်းအစိုးရတို့ကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဟာ အရေးနိမ့်ခဲ့တာကြောင့် ထရမ့်ပ်ဦးဆောင်တဲ့ ရီပတ်ဘလစ်ကန် အစိုးရအနေနဲ့ ဒီအစီအစဉ်ကို အလုံးစုံဖျက်သိမ်းသွားနိုင်ခြေရှိတယ်လို့ အာရှဒေသ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာအဖွဲ့ (AHRLA) ညွှန်ကြားရေးမှူး ဖိလစ်ပ် ရော့ဘတ်ဆင်က ပြောပါတယ်။

ကုန်သွယ်ရေးနဲ့ ရွှေ့ပြောင်းသွားလာမှုအရေးဆိုင်ရာစည်းမျဉ်းတွေကို ပိုမို တင်းကျပ်သွားမယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလကတည်းက ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး  လူ့အခွင့်အရေးလှုပ်ရှားသူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်စေခဲ့ပါတယ်။  

တကယ်လို့ ထရမ့်ပ်အနေနဲ့ မဲဆွယ်ပွဲမှာ ပြောဆိုခဲ့တဲ့အတိုင်း အမေရိကန်မှာ နှစ်ပေါင်းများစွာကြာ အခြေချနေထိုင်နေသူတွေကို ဖမ်းဆီးပြီး တိုင်းပြည်ကနေနှင်ထုတ်တာတွေ လုပ်လာခဲ့မယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူတွေအကြား၊ အထူးသဖြင့် ထရမ့်ပ်ရဲ့ မူဝါဒတွေကို လက်မခံတဲ့ ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ကြားမှာ ပဋိပက္ခတွေဖြစ်လာနိုင်ပြီး နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ရော့ဘတ်ဆင်က  ထောက်ပြထားပါတယ်။

နောက်ပြီး ထရမ့်ပ်ရဲ့ သမ္မတသက်တမ်းအတွင်းမှာ အမေရိကန်ဟာ ပြည်ပနိုင်ငံတွေက တင်သွင်းတဲ့ သွင်းကုန်တွေအပေါ် အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မှုတွေ ချမှတ်ခြင်းအားဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကို ကျင့်သုံးလာနိုင်ပြီး အမေရိကန်ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားပါတယ်။

Source: The Nation

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013