Home
ဆောင်းပါး
အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် မြန်မာ့အရေးအပေါ်ရိုက်ခတ်လာနိုင်သည့် ဂယက်
DVB
·
November 9, 2024

“လူအများစုမို့လို့ အစိုးရဖွဲ့နိုင်တာ မဟုတ်ဘူး။ လူအများစုရဲ့ ထောက်ခံမှုရှိလို့ အစိုးရဖွဲ့နိုင်တာ” ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ တတိယမြောက်သမ္မတ သောမတ်စ် ဂျက်ဖာဆင်ရဲ့ အဆိုအမိန့်အတိုင်း အမေရိကန်ပြည်သူတွေဟာ သူတို့ရဲ့ အသည်းကြားက မဲတပြားနဲ့ နိုင်ငံ့ခေါင်းဆောင်သစ်ကို ရွေးချယ်တင်မြှောက်ရာမှာ ပါဝင်ခဲ့ကြပါတယ်။

ဒီမိုကရက်တစ် သမ္မတလောင်း ကမ်မလာ ဟားရစ်နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်တို့ ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ အကြိမ် ၆၀ မြောက် သမ္မတရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့ပြီး သမိုင်းတလျောက် မဲပေးသူအရေအတွက် အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့သူအပေါ် မူတည်ပြီး ပြည်တွင်းပြည်ပရေးရာကိစ္စတွေမှာ မတူကွဲပြားတဲ့ သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲမှာတော့ နိုင်ငံရဲ့စီးပွားရေးကို နံပါတ်တစ် ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ကြတဲ့ မဲဆန္ဒရှင် ပြည်သူအရေအတွက်ဟာ ၆၉ ရာခိုင်နှုန်း ရှိတယ်လို့ Pew Research Center ရဲ့ စစ်တမ်း ကောက်ယူချက်အရ သိရပါတယ်။ အကြောင်းအရာ ၁၀ ခုထဲက အနည်းဆုံး ၅ ခုကို ဦးစားပေးအဆင့်အလိုက် စစ်တမ်း ကောက်ယူခဲ့ရာမှာ ထရမ့်ပ်ထောက်ခံသူတွေကြားမှာတော့ စီးပွားရေးက ၉၃ ရာခိုင်နှုန်း၊ ရွှေ့ပြောင်းသွားလာသူအရေးက ၈၂ ရာခိုင်နှုန်း၊ အကြမ်းဖက်ရာဇဝတ်မှုအရေးက ၇၆ ရာခိုင်နှုန်း၊ နိုင်ငံခြားရေးမူဝါဒက ၇၄ ရာခိုင်နှုန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အရေးက ၅၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။   

ဟားရစ်ထောက်ခံသူတွေရဲ့ ဦးစားပေးအဆင့်အလိုက် ရပ်တည်မှုမှာတော့ ကျန်းမာရေးကိစ္စက ၇၆ ရာခိုင်နှုန်းနဲ့ ထိပ်တန်းဦးစားပေးဖြစ်ပြီး တရားစီရင်ရေး ၇၃ ရာခိုင်နှုန်း၊ စီးပွားရေး ၆၈ ရာခိုင်နှုန်း၊ ကိုယ်ဝန်ဖျက်ချမှုအရေး ၆၇ ရာခိုင်နှုန်းနဲ့ နိုင်ငံခြားရေးရာမူဝါဒက ၅၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အခုလက်ရှိ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်မှု၊ အရှေ့အလယ်ပိုင်းဒေအရေးနဲ့ တရုတ်နိုင်ငံနဲ့ မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုအရေးကိစ္စတွေကိုပဲ အကြီးအကျယ် အာရုံစိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စီးပွားရေးအရ အမေရိကန်ကို ပခုံးချင်းယှဉ်နိုင်တဲ့ တရုတ်နိုင်ငံနဲ့ အငြင်းပွားဖွယ် ဆက်ဆံရေးကတော့ နောက်တက်လာမဲ့ အစိုးရသစ်လက်ထက်မှာလည်း ရင်ဆိုင်သွားရမယ့် အကြီးမားဆုံး နိုင်ငံခြားရေးရာ စိန်ခေါ်မှုတွေထဲက တခုအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရသစ်အနေနဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး ချဉ်းကပ်ရာမှာ ထိုင်ဝမ်အရေးကိစ္စကိုပဲ အာရုံစိုက်ပြီး မြန်မာ့အရေးကို မျက်ကွယ်ပြုနေမယ်ဆိုရင် ပိုမိုထိရောက်ပြည့်စုံကောင်းမွန်တဲ့ မဟာဗျူဟာတရပ် ဖန်တီးရေးဆွဲသွားနိုင်မယ့်အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးရနိုင်ပါတယ်။ မြန်မာ့အရေးကို မသိကျိုးကျွံပြုနေမယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ဒေသတွင်းဆိုင်ရာ ရည်မှန်းချက်တွေနဲ့ ဩဇာအာဏာလွှမ်းမိုးမှုရဲ့ သက်ရောက်မှုတွေကို အမေရိကန်အနေနဲ့ ဟန့်တားနိုင်မှာ မဟုတ်ပါဘူး။

မြေရှားသတ္တုဟာ စက်မှုလုပ်ငန်းတွေ၊ နည်းပညာမြင့် ပစ္စည်းကိရိယာတွေ၊ အဆင့်မြင့် စစ်လက်နက်ပစ္စည်းတွေ၊ လေယာဉ်တွေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ် စတဲ့ နယ်ပယ်ကဏ္ဍမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်းမှာ မရှိမရှိ လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုနှစ်စဉ်ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်မှာ မြေရှားသတ္တုထုတ်လုပ်မှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းထဲမှာတော့ အမေရိကန်က ၁၄ ရာခိုင်နှုန်း၊ ဩစတြေးလျက ၆ ရာခိုင်နှုန်း၊ မြန်မာက ၄ ရာခိုင်နှုန်းနဲ့ ထိုင်းက ၂ ရာခိုင်နှုန်း ပါဝင်နေပါတယ်။

အမေရိကန်ဘူမိဗေဒဆိုင်ရာ တိုင်းတာရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ တရုတ်နိုင်ငံကနေ အမေရိကန်ကို မြေရှား သတ္တုတင်ပို့မှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တဘက်မှာတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ မြေရှားသတ္တုတင်သွင်းမှုကို တနှစ်ထက်တနှစ် တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ၅၁ ဒသမ ၂ ရာခိုင်နှုန်းအထိ အမြင့်ဆုံး ရောက်ရှိခဲ့တယ်လို့ S&P ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်စုံစမ်းထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။ ဆိုရရင် မြေရှားသတ္တု ရရှိရေးမှာ အမေရိကန်ဟာ တရုတ်ကို အားကိုးနေရပြီး တရုတ်ကလည်း မြန်မာကို မှီခိုနေရတဲ့ဖြစ်ရပ်က ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုဈေးကွက်မှာ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာကျကျ အရေးပါနေမှုကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်ခဲ့မယ်ဆိုရင် ဒါဟာ တရုတ်ကို အဓိက အားကိုးအားထားပြုနေရတဲ့ အမေရိကန်အတွက် အရေးပါတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်တခု ဖြစ်လာနိုင်ပါတယ်။ တရုတ်ကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ချုပ်ကွက်အဖြစ် ကောင်းကောင်း အသုံးချလာနိုင်သလို အမေရိကန်အတွက်လည်း အမျိုးသားလုံခြုံရေးအပြင် စီးပွားရေးကဏ္ဍအတွက်ပါ အဓိက ပျော့ကွက် ဖြစ်လာနိုင်ခြေ ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့အကျပ်အတည်းဟာ ဘိုင်ဒန်အစိုးရအတွက် ပထမဦးဆုံး နိုင်ငံခြားရေးရာ စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ ဘိုင်ဒန်အစိုးရဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက် ဖိနှိပ်မှုနဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချတဲ့အကြောင်း ချက်ချင်းဆိုသလို ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေးမှာ အားတက်သရော ပါဝင်ခြင်းမရှိခဲ့ပါဘူး။ အမေရိကန်နဲ့ မတူတဲ့အချက်ကတော့ တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ ဩဇာအာဏာအလွှမ်းမိုးနိုင်ဆုံး ပြည်ပနိုင်ငံတနိုင်ငံအဖြစ် ဆက်ပြီး ပါဝင်နေခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက်  အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းထွက်ပေါက်အပြင် တောင်တရုတ်ပင်လယ်ကနေ မလက္ကာရေလက်ကြား ဖြတ်သန်းရာ လမ်းကြောင်းမှာလည်း မဟာဗျူဟာကျကျ အသက်တမျှ အရေးပါနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဟာလည်း တရုတ်နိုင်ငံရဲ့ ခါးပတ်တကွင်း လမ်းတစင်းအစီအစဉ်ရဲ့ အဓိက စီမံကိန်းကြီးတခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တရုတ်နိုင်ငံဟာ မိုင်ပေါင်း ၁၂၅၀ အထိ ထိစပ်နေတဲ့ နယ်စပ်တလျောက်တည်ငြိမ်ရေးနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်နိုင်ဖို့အတွက် တည်ငြိမ်မှုရှိတဲ့ ပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးသွားဖို့ သူ့ရဲ့ဩဇာအာဏာ လွှမ်းမိုးမှုကို အသုံးချပြီး ကြိုးပမ်းခဲ့ပါတယ်။ တရုတ်ဟာ သမားရိုးကျ သံတမန်ဆက်ဆံရေးအပြင်  အထူးသဖြင့် အမေရိကန်ရဲ့ အာရုံစိုက်မှု မခံရစေဖို့အတွက် နောက်ဖေးပေါက် သံတမန်ရေးလို့ခေါ်တဲ့ နည်းလမ်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးနဲ့လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအကြား မဟာမိတ်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့မှုအပေါ် တရုတ်က စိုးရိမ်မှုရှိခဲ့ပါတယ်။ ဒီမိုကရေစီအရေးနဲ့ လူသားချင်းစာနာမှုအကူအညီ ရရှိရေးတွေမှာ NUG ဟာ အနောက်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေတဲ့အတွက် မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေ လွှမ်းမိုးလာမှာကို စိုးရိမ်မှုရှိသလို သူ့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ထိခိုက်လာမှာကိုလည်း စိုးရိမ်တာကြောင့် တရုတ်အနေနဲ့ မြန်မာစစ်တပ်ကို မပြိုလဲစေချင်တာ ဖြစ်ပါတယ်။ နောက်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ အမေရိကန်က Burma Act ဥပဒေကို ပြဋ္ဌာန်းလိုက်တာကြောင့် မြန်မာ့အရေးမှာ အမေရိကန် ပါဝင်လာခဲ့မယ်ဆိုရင် အရှေ့တောင်အာရှဒေသမှာ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ကြား ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှုတွေ ရှုပ်ထွေးလာမှာကိုလည်း တရုတ်က မလိုလားပါဘူး။

လာရှိုးမှာရှိတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို စစ်တပ်က လက်လွှတ်ခဲ့ရပြီးနောက် မကြာခင်မှာပဲ တရုတ်ဟာ ပိုမို လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့ပြီး အပစ်အခတ်ရပ်စဲသွားဖို့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအပေါ် ဖိအားပေးတဲ့ အနေနဲ့ နယ်စပ်ထိန်းချုပ်ရေးကို ပိုမိုတင်းကျပ်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးကိုလည်း ပိတ်ဆို့ခဲ့ပါတယ်။ တရုတ်နိုင်ငအတွက် မြန်မာ့အရေးဟာ သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ခေါင်းခဲစရာကိစ္စတခုအဖြစ် ဆက်ရှိနေပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ လက်ရှိဒုတိယသမ္မတ ကမ်မလာ ဟားရစ်ကို အနိုင်ရပြီး အမေရိကန်ရဲ့ ၄၇ ယောက်မြောက် သမ္မတဖြစ်လာခဲ့တဲ့ ထရမ့်ပ် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအင်အားစုတွေကို ကူညီထောက်ပံ့မှုတွေ ပေးအပ်မှသာ တရုတ်ရဲ့ ဒေသတွင်းဆိုင်ရာ လွှမ်းမိုးမှုတွေကို ချိန်ညှိသွားနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးကို ဦးစားပေးတဲ့ ထရမ့်ပ်အစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သဘောထားအသစ်တွေ ချမှတ်သွားရမှာ ဖြစ်ပါတယ်။ ထရမ့်ပ်အနေနဲ့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ အမေရိကန်အတွက် အရေးမပါတဲ့နိုင်ငံအဖြစ် ရှုမြင်သဘောထားနိုင်ခြေရှိပေမဲ့ တကယ်တမ်းမှာတော့ မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တုရရှိရေးမှာ အလားအလာရှိတဲ့ အရင်းအမြစ်တခု ဖြစ်ပါတယ်။

နောက်ပြီး အရှေ့တောင်အာရှမှာ အမေရိကန်အတွက် မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ဒီမိုကရေစီ မြှင့်တင်ရေးမှာ ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်မှုကို ပြသနိုင်ဖို့အတွက် မြန်မာ့အရေးဟာ အမေရိကန် အစိုးရသစ်အတွက် အခွင့်အလမ်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုတွေ၊ ဒေသတွင်းက မဟာမိတ်နိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ပိုမိုတက်ကြွစွာ လုပ်ဆောင်ခြင်းအားဖြင့် အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေ တိုးချဲ့နိုင်ရေးနဲ့ကိုက်ညီတဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာမြောက် မူဝါဒတွေကို ရေးဆွဲသွားနိုင်မယ်ဆိုရင် အမေရိကန်ရဲ့ ဩဇာအာဏာလွှမ်းမိုးမှုဟာ အရေးပါလှတဲ့ ဒီဒေသအထိပါ ဖြန့်ကြက်လာနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်သူတွေအတွက်ကတော့ “the ballot is stronger than the bullet” လို့ဆိုတဲ့ အမေရိကန် သမ္မတဟောင်း အေဘရာဟင်လင်ကွန်းရဲ့ အဆိုအမိန့်အတိုင်း နိုင်ငံရဲ့အပြောင်းအလဲကို ဒီမိုကရေစီနည်းကျ ဖော်ဆောင်ရာမှာ သူတို့ရဲ့ အသံတွေကို ကိုယ်စားပြုနေတဲ့ ဆန္ဒမဲလက်မှတ်တွေက ကျည်ဆန်တွေထက် ပိုမို အစွမ်းထက်စေမှာ ဖြစ်ပါတယ်။

ဆောင်းပါးရှင်- Nicholas Kong  

ဘာသာပြန်- ရာစုသစ်

Ref: Eurasia Review 

( eurasiareview.com ဝက်ဆိုက်တွင် ဆောင်းပါးရှင်  Nicholas Kong  ရေးသားသည့် “2024 Presidential Election In The US And Its Implication For Myanmar Policy – OpEd” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။) 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024