Home
နိုင်ငံတကာ
ဘိုလီးဗီးယားသမ္မတဟောင်းကို နိုင်ငံရေးရာထူးအတွက် ထပ်မံယှဉ်ပြိုင်ခွင့် ပိတ်ပင်
DVB
·
November 9, 2024
Photo-Reuters

ဘိုလီးဗီးယားရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ သမ္မတဟောင်း အီဗို မိုရာလက်စ်ကို နိုင်ငံရေးတာဝန် နောက်တခါ ထမ်းဆောင်ခွင့်ကနေ တားမြစ်လိုက်ပြီး ဒါဟာ နိုင်ငံရဲ့ ကာလ ကြာရှည်နေတဲ့ နိုင်ငံရေးအကျပ်အတည်းမှာ အဆင့်သစ် တခုကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ချက်တခုအရ ဘိုလီးဗီးယား နိုင်ငံမှာ သမ္မတတွေကို ရာထူးသက်တမ်း တဆက်တည်းဖြစ်စေ၊ တဆက်တည်း မဟုတ်သည် ဖြစ်စေ သက်တမ်း ၂ ဆက်သာ ထမ်းဆောင်ဖို့ ကန့်သတ်လိုက်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဘိုလီးဗီးယားကို ၂၀၀၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဦးဆောင်ခဲ့တဲ့ မိုရာလက်စ်ဟာ သူ့ရဲ့အရင် ပျိုးထောင်ပေးသူကနေ သမ္မတဖြစ်သွားတဲ့ လက်ရှိသမ္မတ လူးဝစ်စ်အားစ်နဲ့အတူ သူ့ရဲ့ MAS ပါတီ ကိုယ်စားလှယ်လောင်း နေရာအတွက် ပြိုင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။

မိုရာလက်စ်ဟာ သူ့ရဲ့ပထမသက်တမ်း နှစ်ခုကို ထမ်းဆောင်ခဲ့ပြီးနောက်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး မလုပ်ရသေးတာကြောင့် တရားရုံးစီရင်ချက်အရ မိုရာလက်စ်ကို တတိယမြောက် သက်တမ်း ဆက်လက်ထမ်းဆောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

မိုရာလက်စ်ဟာ ၂၀၁၉ ရွေးကောက်ပွဲမှာ စတုတ္ထသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ရလဒ်တွေကို အငြင်းပွားကာ ဆူပူအုံကြွမှုတွေ ဖြစ်ပွားလာခဲ့ပြီးနောက်မှာ နိုင်ငံမှ ထွက်ပြေး ခဲ့ရပါတယ်။ 

လက်ရှိသမ္မတ လူးဝစ်စ်အားစ်ကို ၂၀၂၀ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတာပါ။ မိုရာလက်စ် နဲ့ လူးဝစ်စ်အားစ်တို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ ထိပ်တိုက်တွေ့မှုတွေ ပိုများလာခဲ့ပြီး မိုရာလက်စ်ကို ထောက်ခံသူတွေဟာ ကုန်သွယ်မှုကို ရပ်တန့်အောင် လမ်းပိတ်ဆို့မှုတွေကို လုပ်ဆောင်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း စစ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ ကြပါတယ်။ 

မိုရာလက်စ်ဟာ အစိုးရနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးဖို့ တောင်းဆိုထားပေမဲ့ လူးဝစ်စ်အားစ်ရဲ့ အုပ်ချုပ်မှုကနေ နိုင်ငံရေးဖိနှိပ်မှုလို့ သူယူဆတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ရက်သတ္တပတ်နီးပါး ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024